Innwa-Ads-Banner-1-1170X200

ဂန္တဝင် နံပါတ် ၇ (သို့) အိပ်မက်ပြဇာတ်ရုံထဲက မျှော်လင့်ချက်တစ်ခု

တကယ်တော့ နံပါတ် ၇ ဆိုတာ သာမန် ကိန်းဂဏန်းလေးတစ်ခု ထက်ပိုတဲ့ အဓိပ္ပါယ်တွေအများကြီးရှိပါတယ်။ လျို့ဝှက်ဆန်းကြယ်မှု ၊ အလှတရားဆိုင်ရာ အစရှိသဖြင့်ပေါ့.. ကမ္ဘာပေါ်ကလူတိုင်းက နံပါတ် ၇ ကို ပုံစံအမျိုးမျိုးနဲ့ အဓိပ္ပါယ်ဖော်ဆောင်ကြတယ်။ အဲ့ထဲမှာ ကျွန်တော်လဲအပါအဝင်ပေါ့.. ညဥ့်နက်နက်မှာ လမ်းပျောက်နေရင် ကောင်းကင်ပေါ်က ၇ စဥ်ကြယ်နဲ့ လမ်းမှန်ရောက်နိုင်သလို ၊ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ ရက်သတ္တပတ်ဟာလည်း ၇ ရက်ပါပဲ.. လူသားတွေရဲ့စိတ်ဝိညာဥ်စွမ်းအားနဲ့ခန္ဓာကိုယ်ကို ချိတ်ဆက်ပေးထားတဲ့ Chakra ၇ ခု .. Rainbow ဆိုတဲ့သက်တံ့မှာလဲ ရောင်စဥ် ၇ ခု အစရှိသဖြင့်ပေါ့.. ဒါတွေအားလုံးဟာ နံပါတ် ၇ ဆိုတဲ့ သဘာဝအလှတရားတွေပါ။ ဒါကြောင့် ကမ္ဘာပေါ်ကလူသား တွေဟာ Lucky 7 ဆိုပြီး သတ်မှတ်ခဲ့ကြတယ်။ ကျွန်တော်လဲ နံပါတ် ၇ နဲ့ပတ်သတ်ရင် ကံကောင်းတယ်လို့ခံစားမိတဲ့ လူသားတွေထဲက တစ်ယောက်ပေါ့.. 

အဲ့နောက်မှာတော့ Manchester United အသင်းရဲ့ ဂန္တဝင် နံပါတ် ၇ တွေအကြောင်း ကျွန်တော်စိတ်ဝင်စားလာခဲ့တယ်။ တဖြေးဖြေး သတင်းတွေမှာ တစနဲ့တစ ကျွန်တော်ရှာဖွေမိခဲ့တယ်။ ဒီအနီရောင် ကိုယ်စားပြုတဲ့ ကျောထောက်နောက်ခံ နံပါတ် ၇ ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ချီးကျူးဂုဏ်ပြုခဲ့ရတဲ့ ဂန္တဝင်နံပါတ်ဆိုလဲ မမှားပါဘူး။ ဒါပေမဲ့ နံပါတ် ၇ ဆိုတဲ့ ကျောနံပါတ်ကို တော်ရုံလူတွေ ဝတ်ဆင်ခွင့်မရှိသလို သာမန်ခြေစွမ်းရှိရုံလောက်နဲ့လဲ တောင်းဆိုခွင့်မရှိပါဘူး။ နံပါတ် ၇ ဆိုတာ Angel နံပါတ် တစ်ခုလို့ပြောရင် မမှားပေမဲ့ .. တချို့လူတွေအတွက်ကတော့ Devil နံပါတ် တစ်ခုလိုဖြစ်ခဲ့တာပါ။ ဒါကိုလဲ သာဓကမျိုးစုံနဲ့ ဖော်ပြချင်းခံရတာ ဒုနဲ့ဒေးပါပဲ.. ဒါဟာ ဂုဏ်သိက္ခာ ၊ သမိုင်းကြောင်း ၊ ဝန်ထပ်ဝန်ပိုး ဆိုတဲ့ Sign တွေနဲ့ ပြည့်နှက်နေတယ်ဆိုတာ အထူးတလည်တောင်ရှင်းပြနေစရာမလိုဘူးထင်ပါတယ်။

ဒီကျောနံပါတ်ကို ဝတ်ဆင်ခဲ့ကြတဲ့ နတ်ဘုရားတွေရဲ့ ခြေရာတွေကို လိုက်ကြည့်မယ်ဆိုရင် ဘောလုံးသမိုင်းရဲ့ ရွှေရောင်စာမျက်နှာတွေကို တစ်ရွက်ခြင်း တစ်ရွက်ခြင်း လှန်လှောကြည့်ရသလိုပါပဲ.. (George Best) ၊  (Bryan Robson) ၊ (Eric Cantona) ၊ (David Beckham) ၊ (Cristiano Ronaldo) ဒီလို နတ်ဘုရားဆန်ဆန် ခြေစွမ်းမျိုးရှိခဲ့တဲ့ ကစားသမားတွေ ထမ်းပိုးခဲ့ရတဲ့ ဒီနံပါတ်ကို သာမန်ခြေစွမ်းရှိတဲ့ ကစားသမားတွေ တာဝန်ယူခဲ့လို့ ဒီဂန္တဝင် နံပါတ်ရဲ့ အရှိန်အဝါဟာ အရင်လိုမတောက်ပနိုင်တော့ပဲ တဖြေးဖြေးမှေးမှိန်လာခဲ့ရတယ်။ ဒါဟာ ကစားသမားတွေရဲ့ အပြစ်လည်းမဟုတ်ပါဘူး.. သူတို့ကျောမှာထမ်းပိုးထားရတဲ့ ဝန်ထုပ်ဝန်ပိုး ၊ သမိုင်းကြောင်းအစဥ်အလာ ၊ ပရိတ်သတ်တွေရဲ့ မျှော်လင့်ချက် ၊ ရှေ့ကနောင်တော်ကြီးတွေရဲ့ ခြေရာ.. ဒါတွေအားလုံးကို ကစားသမားတစ်ယောက်ထဲက ထမ်းပိုးထားရသလိုဖြစ်နေတော့ .. ခြေစွမ်းမပြနိုင်တဲ့ ပွဲတွေမှာ တစ ထက် တစ ဝေဖန်မှုတွေခံလာရပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာကလဲ ဟိုး.. အောက်ခြေအထိ ထိုးဆင်းသွားခဲ့ကြရတာပေါ့.. ဒီ နံပါတ်ကို စတင် ဝတ်ဆင်ပြီး ပထမဆုံး စွမ်းအားအပြည့်နဲ့ ဂန္တင်ဖြစ်လာခဲ့သူကတော့ (George Best)ပါ။ George Best ဟာဆိုရင် သူ့ရဲ့လျို့ဝှက်ဆန်းကြယ်တဲ့ ကစားဟန် ၊ ပရိတ်သတ်တွေကို မှော်ဆန်ဆန် ဆွဲဆောင်မှုနဲ့ ဖျော်ဖြေမှုပေးခဲ့တဲ့ ခြေစွမ်း .. ဒါတွေကို ပထမဆုံး စတင်အသက်သွင်းခဲ့တဲ့သူပါ။ ဘောလုံးဆိုတာ အားကစားတစ်ခုထဲမဟုတ်ပဲ အနုပညာအဖြစ် ပြောင်းလဲပစ်နိုင်ခဲ့သူဆိုလဲ မှားမယ်မထင်ပါဘူး။ (Bryan Robson) သူမှာတော့ ဆွဲဆောင်မှုရှိတဲ့ ကစားဟန်တစ်ခု မပိုင်ဆိုင်ထားပေမဲ့ ခွန်အားသုံးပြီး တွန်းတွန်းတိုက်တိုက်ဆော့တဲ့ ကစားဟန် ဇွဲကောင်းကောင်းနဲ့ ခေါင်းဆောင်မှု အပြည့်ရှိတဲ့သူ့ကို ပရိတ်သတ်တွေက  "Captain Marvel" လို့တောင် ခေါ်ကြတဲ့အထိ ခေါင်းဆောင်နိုင်မှု နဲ့ စိတ်ဓာတ်ခွန်အားကောင်းခဲ့တာပါ။ (Eric Cantona) သူ့ပုံစံကတော့ ကြည့်ရုံနဲ့ သိနိုင်တဲ့ပုံစံမျိုး မျက်နှာထားကိုက ခပ်ကြွားကြွားနဲ့ မာန်မာနတွေကလဲ သူ့မျက်နှာမှာ အတိုင်းသား အထင်းသားကို ပေါ်လွင်နေတာမျိုး.. သူ့ရဲ့ခြေစွမ်းကလဲ ပွဲတစ်ပွဲလုံးကို ထိန်းချုပ်နိုင်တဲ့ ခြေစွမ်းမျိုးနဲ့ အင်ကျီကော်လံကိုထောင်ပြီးမှ ဝတ်တတ်တဲ့လူစားမျိုး.. မာနထောင်လွှားနေတဲ့ သူ့ပုံစံကို ဒီနံပါတ်နဲ့ဆိုရင် တွဲမှတ်မိတဲ့သူတော်တော်များပါတယ်။ ၁၉၉၅ ခုနှစ် ဇန်နဝါရီ ၂၅ ရက် နေ့မှာကစားခဲ့တဲ့ Crystal Palace နဲ့ပွဲစဥ်မှာ ပရိတ်သတ်တစ်ဦးကို '' Kung-Fu Kick '' နဲ့ ပြေးကန်ခဲ့ပြီး အဲ့ခေတ်အဲ့အခါတုန်းက ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့အထိ နာမည်ကြီးခဲ့တယ်။

၂၀၀၉ ခုနှစ်မှာတော့ Manchester United ကနေ Real Madrid ကို Ronaldo တစ်ယောက် ပြောင်းရွှေ့သွားခဲ့ပြီးတဲ့နောက်.. United ရဲ့ ဂန္တဝင် နံပါတ်ဟာ မှေးမှိန်သွားခဲ့တယ်။ Ronaldo ခေတ်အလွန် တခြားကစားသမားတွေဖြစ်တဲ့ M.Owen / Valencia / Di Maria / Depay / Sanchez / Cavani / M.Mount ဒီကစားသမားတွေအကုန်လုံးကလဲ ခြေစွမ်းကောင်းကျတဲ့ ကစားသမားတွေဖြစ်ပေမဲ့ Ronaldo ခေတ်အလွန် ဘယ်သူမှ ဂန္တဝင် နံပါတ်ရဲ့ ရသကို မစွမ်းဆောင်ပေးနိုင်ခဲ့တာတော့ အသေအချာပင်.. ဒီလိုကြီးမြတ်တဲ့ ရှေ့ကနောင်တော်ကြီးတွေရဲ့ခြေရာနဲ့ အရှိန်အဝါ လိုက်မှီဖို့ ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ ဒီနံပါတ်ကို ဝတ်ဆင်ဖို့ ရွေးချယ်ခံရတဲ့ ကစားသမားတိုင်းဟာ မျှော်လင့်ချက်တွေ၊ ဖိအားတွေရဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို သယ်ဆောင်ထားရသလို လေးလံပါတယ်။ ဒီနံပါတ်ဟာ ဘောလုံးကစားကွင်းထဲမှာ ကစားနေတဲ့ ကစားသမားတစ်ယောက်ဝတ်ဆင်ထားတဲ့ ကျောနံပါတ်တစ်ခုဆိုတာထက် ပိုပါတယ်။ ဒါဟာ သမိုင်းကြောင်းတစ်ခုလုံးရဲ့ ဝန်ထုပ်ကို သယ်ပိုးထားရတာပါ.. ဒါကြောင့်လဲ ကစားသမားတိုင်း မဝတ်ဆင်ရဲ တာဝန်မယူရဲတဲ့ နံပါတ်တစ်ခုဖြစ်လာခဲ့တာပါ။ နောက်ပိုင်း ဒီ နံပါတ်နဲ့ ပတ်သတ်ပြီး ကျိန်စာသင့်တဲ့နံပါတ် ၇ (The cursed number 7)ဆိုပြီး လူအများစုက သတ်မှတ်လာခဲ့တယ်.. ခြေစွမ်းအရမ်းကောင်းနေတဲ့ ကစားသမားတွေတောင်မှ ဒီ နံပါတ်ကိုဝတ်ဆင်လိုက်ရင် သာမန်ခြေစွမ်းပြန်ဖြစ်သွားတဲ့အထိကို သက်ရောက်မှုတွေရှိခဲ့တာပါ။

ဒါကြောင့် Manchester United ရဲ့ ကျောနံပါတ် ၇ ဟာ ဂဏန်းတစ်လုံးထဲရဲ့ အဓိပ္ပါယ်ဆိုတာထက် ဘောလုံးသမိုင်းရဲ့ ဒဏ္ဍာရီတစ်ခု ကစားသမားတစ်ယောက်ရဲ့ အိပ်မက်တစ်ခုပါပဲ။ ပရိတ်သတ်တွေရဲ့ မျှော်လင့်ချက် နဲ့ ဒီနံပါတ်ကို ဝတ်ဆင်ဖို့ ရွေးချယ်ခံရတဲ့သူတိုင်းဟာ ဒီဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့နဲ့ အသင်းကိုအမြင့်ဆုံးထိရောက်အောင်ထမ်းတင်ပေးဖို့တာဝန်ရှိပါတယ်။ မန်ချက်စတာ ယူနိုက်တက်ရဲ့ စိတ်ဓာတ်နဲ့ သမိုင်းကို ကိုယ်စားပြုတဲ့ သင်္ကေတတစ်ခုဖြစ်တာမို့.. ခု နောက်ဆုံး ဒီကျောနံပါတ်ကိုဆက်ခံထားတဲ့ Mason Mount အနေနဲ့ အသင်းကို ဘယ်ထိရောက်အောင် ထမ်းတင်သွားနိုင်မလဲ.. နောင်တော်ကြီးတွေရဲ့ ခြေရာကိုရော နင်းနိုင်မှာလား.. ဒါမှမဟုတ် ရှေ့မှာ ဆက်ခံခဲ့တဲ့ ကစားသမားတွေလိုမျိုး flop သွားမလားဆိုတာကတော့.. Manchester United ပရိသတ်တွေ အမျှော်လင့်ဆုံးနဲ့ အသိချင်ဆုံး အိပ်မက်ပြဇာတ်တစ်ပုဒ်ပင် မဟုတ်ပါလား..