Innwa-Ads-Banner-1-1170X200

စွဲချက် ၇၄ မှုနဲ့ ချဲလ်ဆီး အနာဂတ်

ချယ်လ်ဆီး ဘောလုံးအသင်းဆိုတာ ကွင်းတွင်းမှာဖြစ်ဖြစ်၊ ကွင်းပြင်ဘက်ကိစ္စတွေမှာဖြစ်ဖြစ် ပရိသတ်တွေ စိတ်ဝင်စားမှုရဲ့ ဗဟိုချက်မှာ အမြဲရှိနေတဲ့ အသင်းပါပဲ။ ဒါပေမယ့် အခုအခါမှာတော့ ဂိုးတွေ၊ နည်းဗျူဟာတွေ၊ ပြောင်းရွှေ့ကြေးသတင်းတွေနဲ့ မဆိုင်တဲ့ မုန်တိုင်းသစ်တစ်ခု စတင်နေပါပြီ။ ဒီမုန်တိုင်းဟာ စည်းမျဉ်းစည်းကမ်းတွေရဲ့ အသေးစိတ်အချက်အလက်တွေ၊ ကိုယ်စားလှယ်တွေနဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ ဆိုင်နေပါတယ်။ မကြာသေးခင်ကမှ (The FA) က ချယ်လ်ဆီးအသင်းဟာ ကြားခံတွေ၊ အေဂျင့်တွေနဲ့ တတိယပါတီ စီစဉ်မှုတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းချိုးဖောက်မှုတွေအတွက် အမှုပေါင်း ၇၄ မှုနဲ့ ရင်ဆိုင်နေရတယ်လို့ အတည်ပြုလိုက်ပါတယ်။ ရှင်းရှင်းပြောရရင် ဒါဟာ အင်္ဂလိပ်ဘောလုံးမှာ နှစ်ပေါင်းများစွာကြာလာပြီဖြစ်တဲ့ စီမံခန့်ခွဲမှု ချို့တဲ့မှုဆိုင်ရာ အကြီးမားဆုံး စုံစမ်းစစ်ဆေးမှုတစ်ခုဖြစ်ပြီး၊ အသင်းဟာ ငွေကြေးအမြောက်အမြား အကုန်ခံခဲ့တဲ့ ကာလအတွင်းရော၊ နောက်ကာလတွေမှာပါ ဘယ်လိုလည်ပတ်နေခဲ့တယ်ဆိုတာကို မေးခွန်းထုတ်စရာဖြစ်လာစေပါတယ်။

ဒီအခြေအနေရဲ့ လေးနက်မှုကို နားလည်ဖို့ နည်းနည်းလေး နောက်ကြောင်းပြန်သွားကြည့်ရအောင်။ ဒီစွဲချက်ပြဿနာတွေက Roman Abramovich လက်ထက်ကတည်းကစတာလို့ဆိုရမှာပါ။ လက်ရှိTodd Boehly နဲ့ Clearlake Capital တို့ရဲ့ ပိုင်ဆိုင်မှုအောက်မှာလည်း ချယ်လ်ဆီးအသင်းဟာ အပြောင်းရွှေ့ဈေးကွက်မှာ များပြားတဲ့ ငွေကြေးအကုန်အကျခံမှုအတွက် နာမည်ကြီးပါတယ်။ ဒါတစ်ခုတည်းကတော့ ထူးဆန်းတာမဟုတ်ပါဘူး။ လက်ရှိဘောလုံးကမ္ဘာကြီးဟာ ကစားသမားတစ်ယောက်ကို ပေါင်သန်းတစ်ရာကျော် ကုန်ကျနေတဲ့ ခေတ်မှာရှိနေတာမို့ပါ။ ဒါပေမယ့် ချယ်လ်ဆီးရဲ့ အမှုကို ထူးခြားစေတာက သူတို့ရဲ့ လုပ်ဆောင်မှုပမာဏနဲ့ သဘောတူညီချက်တွေကို ကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်းတွေ ပါပဲ။ ဒီအမှု ၇၄ မှုက အသင်းကို ရာဇဝတ်မှုဆိုင်ရာ အဓိပ္ပါယ်နဲ့ တရားမဝင်တဲ့ လုပ်ဆောင်မှုတွေလို့ စွပ်စွဲနေတာမဟုတ်ပါဘူး။ အဓိကစွဲချက်တင်ခံရတာက ကစားသမား အပြောင်းရွေ့ကိစ္စတွေမှာ ကြားခံပါတီတွေ (သို့မဟုတ်) ဘောလုံး အေဂျင့်တွေကို မှတ်ပုံတင်တာ၊ အစီရင်ခံတာ၊ ငွေကြေးဆုချီးမြှင့်တာတွေမှာ Football Association ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေကို ချယ်လ်ဆီးအသင်းက လိုက်နာခဲ့သလားဆိုတာကို စုံစမ်းခံနေရတာပါ။

FA က လုပ်ငန်းစဉ်တိုင်းမှာ အလုံးစုံ ပွင့်လင်းမြင်သာမှုရှိဖို့ တောင်းဆိုထားပါတယ်။ ဘယ်သူက ဘယ်ကစားသမားကို ကိုယ်စားပြုသလဲ။ ဘယ်သူက ဘယ်အသင်းကို ကိုယ်စားပြုသလဲ။ ငွေကို တိုက်ရိုက်ပေးချေခဲ့သလား။ အပြောင်းရွှေ့တွေကို အသာရဖို့ တတိယပါတီတွေ ပါဝင်ခဲ့သလား။ ဒီအသေးစိတ်တွေအားလုံးကို ဂရုတစိုက် မှတ်တမ်းတင်ထားရပါမယ်၊ မဟုတ်ရင်တော့ စွဲချက်တင်နိုင်ပါတယ်။ ချယ်လ်ဆီးရဲ့ အမှုမှာဆိုရင် စာရွက်စာတမ်းတွေ မှန်ကန်စွာ တင်သွင်းခြင်း မရှိခဲ့ဘူး ၊ အေးဂျင့်ကြားခံတွေကို စည်းမျဉ်းတွေ ချိုးဖောက်ပြီး အသုံးပြုခဲ့တယ်လို့ အဆိုပြုထားပါတယ်။ ခဏလောက် စဉ်းစားကြည့်ပါ – အမှုခွဲပေါင်း ၇၄ မှု။ ဒါက တစ်ခု နှစ်ခုမဟုတ်ပါဘူး၊ FA က ဖြေရှင်းဖို့လိုတယ်လို့ ယုံကြည်နေတဲ့ စနစ်တကျဖြစ်နေတဲ့ ပုံစံတစ်ခုပါပဲ။

နောက်ပြန်ဆုတ်ကြည့်မယ်ဆိုရင်၊ ချယ်လ်ဆီးဟာ ဒီလိုမျိုး စစ်ဆေးဝေဖန်မှုကို ကြုံရတဲ့ ပထမဆုံးအသင်းမဟုတ်ဘူးဆိုတာ သိဖို့လိုပါတယ်။ Manchester City နဲ့ Everton အသင်းတွေကလည်း ငွေကြေးဆိုင်ရာ စည်းမျဉ်းတွေ၊ အထူးသဖြင့် Financial Fair Play (FFP) နဲ့ စီးပွားရေး တည်ငြိမ်မှု စည်းမျဉ်းတွေ (Profit and Sustainability Rules – PSR) နဲ့ ပတ်သက်ပြီး Premier League နဲ့ FA က စွဲချက်တင်ခဲ့ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးရဲ့ အမှုက အတိုင်းအတာတစ်ခုအနေနဲ့ ထူးခြားနေပါတယ်။ အမှု ၇၄ မှုဆိုတာက FA ဟာ ယခုရာသီ ဒါမှမဟုတ် ပိုင်ဆိုင်မှုခေတ်တစ်ခုတည်းကို ကြည့်နေတာမဟုတ်ဘူး၊ ခေတ်အဆက်ဆက်ပြဿနာအားလုံးကို ညွှန်းဆိုနေတာပါ။ ဒီအမှုတွေထဲက အချို့ဟာ Abramovich ခေတ်ကနေ ပြန်ဆွဲယူထားတာဖြစ်နိုင်သလို၊ အခြားအမှုတွေကတော့ Boehly လက်အောက်က ကိစ္စတွေဖြစ်နိုင်ပါတယ်။ ဒီစွဲချက်တွေသာ မှန်ကန်ခဲ့ရင်တော့ ချယ်လ်ဆီးအသင်းဟာ အတိတ်က လုပ်ဆောင်ချက်တွေကို ကာကွယ်ရင်း၊ အခုချိန်မှာ ပိုပြီး ပွင့်လင်းမြင်သာစွာ ရှေ့ဆက်နေတယ်ဆိုတာကို သက်သေပြဖို့ လိုအပ်နေပါတယ်။

လက်တွေ့အရ ဒါက အသင်းအတွက် ဘာကိုဆိုလိုတာလဲ။ ဖြစ်နိုင်ခြေရှိတဲ့ ရလဒ်တွေကို စဉ်စားကြည့်ပါမယ်။ တစ်ဖက်မှာဆိုရင် ချယ်လ်ဆီးဟာ ဒီအမှုအများစုမှာ အပြစ်ရှိတယ်လို့ တွေ့ရှိခံရရင်၊ ကြီးမားတဲ့ ဒဏ်ငွေတွေ၊ အပြောင်းရွှေ့ ကန့်သတ်ချက်တွေ (သို့မဟုတ်) လိဂ်မှာ အမှတ်လျော့ခံရတာတွေ ကြုံရနိုင်ပါတယ်။ FA ရဲ့ ငွေကြေးစည်းမျဉ်းတွေက အသင်းဘယ်လောက်ပဲ ကြီးမားအားကောင်းနေပါစေ အသင်းတိုင်းအတွက်ပါပဲလို့ ပြသဖို့ မကြာသေးခင်ကမှ ဖိအားတွေခံနေရပါတယ်။ လွန်ခဲ့တဲ့ရာသီက Everton အသင်းရဲ့ ငွေကြေးချိုးဖောက်မှုအတွက် အမှတ်ဖြတ်တောက်ခံရမှု ပြစ်ဒဏ်တွေဟာ သီအိုရီသက်သက်မဟုတ်တော့ဘူး၊ အစစ်အမှန်ဖြစ်ပြီး အပြစ်ရှိတဲ့အသင်းတွေကို လိဂ်ဇယားမှာ ပြင်းပြင်းထန်ထန် အမှတ်လျော့ပြီး သက်သေပြခဲ့ပါတယ်။ ချယ်လ်ဆီးဟာ အလားတူပဲ အရေးယူခံရမယ်ဆိုရင်၊ အသင်းရည်မှန်းချက်တွေကို တိုက်ရိုက်သက်ရောက်မှုရှိစေနိုင်ပါတယ်။

နောက်တစ်ဖက်မှာလည်း စဉ်းစားစရာရှိပါသေးတယ်။ ချယ်လ်ဆီးက ဒီချိုးဖောက်မှုအများစုဟာ စည်းမျဉ်းတွေကို ရှောင်ရှားဖို့ ရည်ရွယ်ချက်ရှိရှိ ကြိုးစားတာမဟုတ်ပဲ စီမံခန့်ခွဲမှုဆိုင်ရာ လွဲချော်မှုတွေလို့ ငြင်းဆိုနိုင်ပါတယ်။ ရာသီတိုင်းရဲ့ ပြောင်းရွှေ့မှုတွေ၊ ငှားရမ်းမှုတွေ၊ လူငယ်စာချုပ်တွေ အများကြီးကို လုပ်ဆောင်ရတဲ့အခါ အမှားတွေက ဖြစ်နိုင်ပါတယ်၊ ဖြစ်လည်းဖြစ်တတ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှု၊ ပြင်ဆင်မှု၊ နောက်ပိုင်းမှာ FA ရဲ့ မျှော်လင့်ချက်တွေနဲ့ ကိုက်ညီဖို့ ဆန္ဒရှိတယ်ဆိုတာကို သက်သေပြနိုင်မယ်ဆိုရင်၊ အရေးယူမှုတွေက ပိုပေါ့သွားနိုင်ပါတယ်။ ဖြစ်နိုင်တာက ဒဏ်ငွေ၊ သတိပေးချက်တွေ၊ လိုက်နာမှု စောင့်ကြည့်ခံရတာ စတာတွေပါ၊ အမှတ်ဖြတ်တောက်ခံရတာလိုမျိုး ပြင်းထန်တဲ့ အရေးယူမှုတွေမရှိလာနိုင်ပါဘူး။

နောက်ထပ် ထည့်စဉ်းစားစရာ ရှုထောင့်တစ်ခုလည်း ရှိပါသေးတယ်။ Todd Boehly နဲ့ Clearlake Capital တို့ဟာ ငွေကြေးချည်းပဲ ရင်းနှီးမြုပ်နှုံတာမဟုတ်ဘဲ၊ ပါရမီရှင်တွေ မွေးထုတ်တာ၊ အကယ်ဒမီကို တိုးတက်အောင်လုပ်တာ၊ အသင်းလုပ်ငန်းတွေကို ခေတ်မီအောင်လုပ်တာနဲ့ ရေရှည်တည်တံ့နိုင်တဲ့ ပရောဂျက်တစ်ခုကို တည်ဆောက်ဖို့ ကတိပြုခဲ့ကြပါတယ်။ အရေးယူခံရမယ်ဆိုရင် တိုးတက်အောင်လုပ်နေတဲ့ကြားထဲက U turn ပြန်ကွေ့သလိုဖြစ်သွားမှာပါ။ရင်းနှီးမြှုပ်နှံသူတွေနဲ့ မိတ်ဖက်တွေက တည်ငြိမ်မှုကို လိုချင်ကြတယ်၊ သန့်ရှင်းတဲ့ ပုံရိပ်ကို လိုချင်ကြတယ်။ အဲဒီအစား၊ ခေါင်းကြီးသတင်းတွေကို အခုချိန်မှာ “ချယ်လ်ဆီး”၊ “စွဲချက်တင်မှုများ”၊ “FA စုံစမ်းစစ်ဆေးမှု” ဆိုတဲ့ စကားလုံးတွေက လွှမ်းမိုးနေပါတယ်။ ဒါဟာ ချယ်လ်ဆီးလို ဂုဏ်သိက္ခာရှိတဲ့ အသင်းတစ်သင်းက ကမ္ဘာ့ဈေးကွက်ထဲကို သယ်ဆောင်သွားချင်တဲ့ လက္ခဏာမျိုး မဟုတ်ပါဘူး။ဒီလိုမျိုး အမှုတွေဟာ နောက်ဆုံးဆုံးဖြတ်ချက် မချမီမှာ လပေါင်းများစွာ၊ တစ်ခါတစ်ရံ နှစ်ချီပြီး ကြာတတ်ပါတယ်။

ချယ်လ်ဆီး ပရိသတ်တွေအတွက်ကတော့ ဒီမုန်တိုင်းက မြန်မြန်ပြီးသွားပြီး အာရုံထားစရာက ဘောလုံးကွင်းပေါ်ကို ပြန်ရောက်သွားဖို့ မျှော်လင့်ကြမှာပါ၊ ကစားသမားအသစ်တွေ၊ မန်နေဂျာ နဲ့ ဦးတည်ချက်အသစ်တွေက အသင်းရဲ့ အနာဂတ်ကို တည်ဆောက်ပေးဖို့ ရှိပါတယ်။ ပြိုင်ဘက် အသင်းတွေရဲ့ ပရိသတ်တွေအတွက်ကတော့ FA က ဒီအမှုကို ထိုက်တန်တဲ့ အလေးအနက်ထားနဲ့ ဆက်ဆံမယ်လို့ မျှော်လင့်ကြမှာပါ။ ဘောလုံးလောကတစ်ခုလုံးအတွက်ကတော့ ဒီအမှုက သတိပေးချက်တစ်ခုပါပဲ- လှပလှတဲ့ ဘောလုံကစားနည်းဟာ ဂိုးတွေနဲ့ အောင်မြင်မှုတွေတင် မဟုတ်ပါဘူး၊ ဒါဟာ အုပ်ချုပ်မှု၊ စည်းမျဉ်းလိုက်နာမှု၊ နဲ့ ဘုတ်အဖွဲ့ခန်းမတွေနဲ့ စည်းမျဉ်း တွေမ တိုက်ခိုက်ကြတဲ့ ဖုံးကွယ်ထားတဲ့ တိုက်ပွဲတွေလည်း ဖြစ်ပါတယ်။