Innwa-Ads-Banner-1-1170X200

မန်ချက်စတာယူနိုက်တက်ရဲ့ စံချိန်တင် အမြတ်ဝင်ငွေ ပေါင် ၆၆၅ သန်းရဲ့နောက်ကွယ်

Manchester United က ပရိသတ်တွေကို အံ့အားသင့်စေတဲ့ စံချိန်တင်အမြတ်ဝင်ငွေ ပေါင် ၆၆၅ သန်းအထိ ရရှိကြောင်း ကြေညာလိုက်ပါတယ်။ ဒီလိုရရှိခဲ့တာဟာ Champions League ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရခဲ့တဲ့ ရာသီအတွင်းမှာဖြစ်တာကြောင့် လူအတော်များများကို အံ့အားသင့်စေခဲ့တာပါ။ ပုံမှန်အားဖြင့် ဥရောပရဲ့ ဆုကြေးငွေအမြင့်ဆုံး ပြိုင်ပွဲကြီးဖြစ်တဲ့ Champions League မှာ ပါဝင်ခွင့်မရတဲ့အခါ ဆုကြေးငွေလျော့နည်းမှု၊ ထုတ်လွှင့်မှုဝင်ငွေ ကျဆင်းမှုနဲ့ စီးပွားရေးအရ သိသာစေတဲ့ လျော့နည်းမှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒါပေမယ့် Man United ဟာ ဘဏ္ဍာရေးအရ အားကောင်းနေဆဲဖြစ်ပြီး Champions League မပါဝင်ရသေးတဲ့ကြားက သူတို့ရဲ့ အသင်းတံဆိပ် (Global Brand)နဲ့ စုံလင်ကွဲပြားတဲ့ ဝင်ငွေရင်းမြစ်တွေဟာ ဘယ်လိုအကျိုးရှိနေသေးသလဲဆိုတာကို သူတို့ရဲ့ နောက်ဆုံးထွက်ပေါ်လာတဲ့ဂဏန်းတွေကဖော်ပြနေပါတယ်။

ပထမဆုံးနားလည်ရမှာက Manchester United ရဲ့ ဝင်ငွေတွေက ဘယ်ကနေလာသလဲဆိုတာပါပဲ။ Premier League ကနေ ရရှိတဲ့ ထုတ်လွှင့်မှုဝင်ငွေဟာ များပြားလွန်းလှပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ ထုတ်လွှင့်ခွင့်တွေရဲ့ အခွန်အချို့ကို ကလပ်တိုင်းအကျိုးခံစားရပါတယ်။ United ရဲ့ ကမ္ဘာလုံးဆိုင်ရာဆွဲဆောင်မှုက သူတို့ကို ပုံမှန်ထင်ရှားစေပြီး သူတို့ရဲ့ဝေစုကို ပိုမိုမြင့်တက်စေပါတယ်။ စီးပွားရေးအခြမ်းမှာဆိုရင်လည်း kit sponsorship တွေ၊ shirt deal တွေနဲ့ ရေရှည် brand partnership တွေကနေ သန်းနဲ့ချီပြီးဝင်ငွေရရှိကာ United က ဆက်လက်ထင်ရှားနေဆဲပါပဲ။ ဒီသဘောတူညီချက်တွေဟာ အနည်းဆုံး၁၀ နှစ်မချုပ်ဆိုထားတာဖြစ်ပြီး Champions League ဝင်ခွင့်နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့အတွက် ဝင်ငွေက ခိုင်မာနေဆဲဖြစ်ပါတယ်။ ရောင်းချမှုအပိုင်းကလည်း နောက်ထပ်အခြေခံအုတ်မြစ်တစ်ခုဖြစ်ပြီး ဥရောပရလဒ်တွေနဲ့မဆိုင်ဘဲ ကမ္ဘာတစ်ဝှမ်းက ပရိသတ်သန်းပေါင်းများစွာကို အင်္ကျီတွေနဲ့ အမှတ်တံဆိပ်ပါထုတ်ကုန်တွေ ရောင်းချနေဆဲဖြစ်ပါတယ်။ Old Trafford ဟာ အင်္ဂလန်မှာအကြီးဆုံးအားကစားကွင်းတွေထဲကတစ်ကွင်းဖြစ်ပြီး Premier League ပွဲတွေအတွက်အပတ်တိုင်း လက်မှတ်ကုန်တာကြောင့် ဝင်ငွေကောင်းတွေကို ဆက်လက်ဖြည့်ဆည်းပေးနေပါတယ်။

တကယ်တော့ Champions League ကိုလွဲချော်တာဟာ ဝင်ငွေလျော့ကျစေပါတယ်။ ကလပ်ဟာ ပုံမှန်ဆိုရင် သန်းဆယ်နဲ့ချီပြီးရနိုင်တဲ့ UEFA ဆုကြေးငွေကို ဆုံးရှုံးရတာပါ။ ဥရောပပွဲတွေကနေ ရရှိတဲ့ ထုတ်လွှင့်မှုဝင်ငွေလည်း လျော့နည်းသွားပြီး Old Trafford မှာ ရင်ခုန်စရာနည်းပါးသွားတာက ကွင်းဝင်ငွေကို လျော့ကျစေပါတယ်။ အချို့သော စီးပွားရေးသဘောတူညီချက်တွေမှာ ဒဏ်ငွေပိုင်းဆိုင်ရာပါဝင်မှုတွေရှိနေပါသေးတယ်။ ဥပမာ- Adidas သဘောတူညီချက်မှာ United က Champions League ဝင်ခွင့်မရရင် ငွေပေးချေမှုကိုလျော့ချသတ်မှတ်ထားတာမျိုးပါ။ အမှတ်တံဆိပ်ရဲ့အရေးကြီးမှုအနေနဲ့ကတော့ ဒီပြိုင်ပွဲကြီးကို ဝင်ခွင့်မရတာဟာ United ရဲ့ ကမ္ဘာလုံးဆိုင်ရာအဆင့်အတန်းကို ထိခိုက်စေနိုင်ပြီး အကောင်းဆုံးကစားသမားတွေကို ဆွဲဆောင်ဖို့ ပိုမိုခက်ခဲစေနိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သူတို့ရဲ့ စီးပွားရေးအင်အားစုရဲ့ အရွယ်အစားက ဒီဒဏ်ရာတွေကို ခံနိုင်ရည်ရှိအောင် ကူညီပေးနေဆဲပါပဲ။

စံချိန်တင်ဝင်ငွေကို နည်းဗျူဟာကျတဲ့ ရွေးချယ်မှုတွေကလည်း ပံ့ပိုးပေးထားပါသေးတယ်။ United ရဲ့ စီးပွားရေးဌာနက သူတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာပရိသတ်တွေဆီရောက်ရှိဖို့ လိုချင်တဲ့ စပွန်ဆာတွေနဲ့ ရေရှည်သဘောတူညီချက်တွေကို ချုပ်ဆိုထားပါတယ်။ ရလဒ်တွေကျဆင်းလာတဲ့အချိန်မှာတောင် ဒီသဘောတူညီချက်တွေက ဆက်လက်တည်ရှိနေဆဲပါပဲ။ ကွင်းလက်မှတ်ဈေးနှုန်းတွေ တမင်စျေးတင်ပြီး ကလပ်က ပြည်တွင်းပွဲစဉ်တွေကနေ ဝင်ငွေတိုးအောင်ဆွဲဆောင်နိုင်ဖို့ ၊ Old Trafford ရဲ့ ပုံရိပ်ကို အမြင့်ဆုံးအသုံးချဖို့ ဆက်လက်ကြိုးစားနေဆဲပါပဲ။ ဒါ့အပြင် United က ဘဏ္ဍာရေးစာရင်းတွေ ညှိဖို့ အခြားနေရာတွေမှာ ကုန်ကျစရိတ်တွေကို လျှော့ချဖို့ ဆန္ဒရှိနေပါတယ်။ ဥရောပဝင်ခွင့်ကြောင့် ဆုံးရှုံးရတဲ့ငွေတွေကို coverလုပ်ဖို့ ဝန်ထမ်းအင်အား လျှော့ချမှုတွေနဲ့ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်လျှော့ချမှုတွေကို အသားပေးဖော်ပြထားတဲ့ အစီရင်ခံစာတွေလည်းရှိပါတယ်။ ရာသီကြို ခြေစွမ်းပွဲတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ စျေးကွက်ရှာဖွေရေး စီမံချက်တွေဟာ လည်း အကျိုးအမြတ်များပြီး အာရှနဲ့ အမေရိကကစားပွဲတွေက စပွန်ဆာသဘောတူညီချက်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒါတွေအားလုံးက အောင်မြင်တယ်ဆိုတဲ့သဘောထားချည်းပဲတော့မဟုတ်ပါဘူး။ စံချိန်တင်ဝင်ငွေကိုပဲ ကြည့်လို့မရပဲ ပေါင် ၁၀၀ သန်းကျော် ရှယ်ယာဝင်ငွေဆုံးရှုံးမှုကိုကြည့်ရမှာပါ။ ကစားသမား၊ ဝန်ထမ်းလစာ​တွေ၊ အခြေခံအဆောက်အအုံကုန်ကျစရိတ်တွေက ဆက်လက်လေးလံနေဆဲဖြစ်ပြီး Premier League ရဲ့ အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့မှုဆိုင်ရာ စည်းမျဉ်းတွေက United ကို ငွေကြေးလွတ်လွတ်လပ်လပ်သုံးစွဲလို့မရအောင် ကန့်သတ်ထားပါတယ်။ Champions League ဝင်ငွေမရှိဘဲနဲ့ ဘဏ္ဍာရေးဆိုင်ရာဆုံးဖြတ်ချက်တိုင်းဟာ ပိုမိုအန္တရာယ်များပါတယ်။ ဥရောပရဲ့ အမြင့်ဆုံးပြိုင်ပွဲကို ထပ်မံလွဲချော်သွားမယ်ဆိုရင် စပွန်ဆာသဘောတူညီချက်တွေထဲက ဒဏ်ငွေတွေ ပိုမိုများပြားလာပြီး ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်နိုင်တဲ့အန္တရာယ်တွေရှိလာနိုင်ပါတယ်။ ပြောချင်တာက ပေါင်၆၆၅သန်းရလဲ စိတ်ကြိုက်ငွေသုံးလို့မရပဲ နောက်နှစ်တွေမှာ အပေါင်းထွက်ဖို့ ချန်ထားရမယ်ဆိုတဲ့သဘောပါ။

ဒီတော့ နောက်ဆုံးမေးခွန်းကတော့ ဒါဟာ အနာဂတ်အတွက် ဘာကိုဆိုလိုသလဲဆိုတာပါပဲ။ United ရဲ့ စီးပွားရေးအင်ပါယာဟာ Champions League မပါဝင်ဘဲနဲ့တောင် စံချိန်တင်ဝင်ငွေတွေရအောင်လုပ်န်ိုင်စွမ်းရှိပါတယ်။ ရေရှည်မှာ ကျရှုံးမှုတွေများလာရင်တော့ သူတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာစိုးမိုးမှုကို လျော့ကျသွားစေနိုင်ပါတယ်။ အနာဂတ်ကို လုံခြုံအောင်ကာကွယ်ဖို့ဆိုရင် Champions League ကို မပျက်မကွက်ပြန်ဝင်ရမှာဖြစ်ပြီး သူတို့ရဲ့လစာစာရင်းကို ထိန်းချုပ်ကာ အပြောင်းရွေ့တွေကို ဉာဏ်ရှိရှိစီမံခန့်ခွဲရမှာဖြစ်ပါတယ်။ Old Trafford လိုမျိုး အခြေခံအဆောက်အအုံတွေမှာ ရင်းနှီးမြုပ်နှံမှုက ကွင်းဝင်ငွေကို တိုးချဲ့နိုင်ပြီး ကမ္ဘာလုံးဆိုင်ရာပရိသတ်စိတ်ဝင်စားမှုနဲ့ ဒီဂျစ်တယ်မီဒီယာတိုးတက်မှုတွေက စီးပွားရေးဝင်ငွေကို ဆက်လက်မြင့်တက်စေနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေကတော့ Champions League ရဲ့ ဂုဏ်သိက္ခာနဲ့ ဘဏ္ဍာရေးတိုးမြှင့်မှုကို အစားထိုးလို့မရနိုင်ပါဘူး။

အနှစ်ချုပ်ဆိုရရင် Champions League ကိုလွဲချော်ခဲ့သော်လည်း Manchester United ရဲ့ မှတ်တမ်းတင်ဝင်ငွေရရှိမှုဟာ သူတို့ အမှတ်တံဆိပ်ဟာ ကမ္ဘာမှာ ဘယ်လောက်ကြမ်းသလဲဆိုတာဖော်ပြနေပါတယ်။ မန်ချက်စတာယူနိုက်တက်အတွက်တော့ ရုပ်သံထုတ်လွှင့်ခွင့်တွေ၊ ကုန်ပစ္စည်းရောင်းချမှုတွေ၊ လက်မှတ်ရောင်းချမှုတွေနဲ့ ရေရှည်စပွန်ဆာသဘောတူညီချက်တွေက အားကောင်းနေဆဲပါ။ ဒါပေမယ့် ဒီကိန်းဂဏန်းကြီးတွေရဲ့နောက်ကွယ်မှာ သတိပေးထားစရာတွေရှိနေပါတယ်။ ပုံရိပ်ဆုံးရှုံးမှုတွေတဖြည်းဖြည်းများလာမှု၊ ကုန်ကျစရိတ်လျှော့ချမှုတွေနဲ့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုအန္တရာယ်တွေပါ။ United ရဲ့ စိန်ခေါ်မှုကတော့ သူတို့ရဲ့ဘဏ္ဍာရေးအင်အားကို ကစားကွင်းပေါ်အောင်မြင်မှုအဖြစ် ပြောင်းလဲနိုင်ဖို့ပါပဲ။ အကြောင်းကတော့ Champions League မဝင်ရင် အက်ကြောင်းတွေဟာ ပိုမိုများပြားလာနိုင်လို့ပါ။ သူတို့ရဲ့လက်ရှိဇာတ်လမ်းက ငွေကြေးနဲ့ အသင်းတံဆိပ်က ကလပ်တစ်ခုကို ခဏတာတော့ထိန်းသိမ်းထားနိုင်ပေမယ့် ရေရှည်ဝင်ငွေရဲ့ နောက်ဆုံးအုတ်မြစ်ကတော့ ဘောလုံးကွင်းပေါ်မှာ နိုင်နိုင်နင်းနင်းအနိုင်ရခြင်းပဲဖြစ်တယ်ဆိုတာကို သတိပေးနေပါတယ်။