Innwa-Ads-Banner-1-1170X200

မန်စီးတီးသစ်ကို ဂွါဒီယိုလာ မွေးဖွားပေးလိုက်ပြန်ပြီလား

ရိုဒရီဒဏ်ရာကနေ ပြန်လာပေမဲ့ အရင်ပုံစံပြန်မရသေးတာ၊ အသင်းက အသက်အရွယ်ရ အဓိက ကစားသမားတော်တော်များများကို လက်လွှတ်လိုက်တာတွေနဲ့ ပက်ဟာ သူ့ရဲ့ မန်စီးတီးအသွင်သစ်ကို ပုံစံသွင်းနေတာ ဒီနွေရာသီတစ်ခုလုံး တိတ်တိတ်ဆိတ်ဆိတ်ပါ။ သူ့အတွက် အရေးကြီးတာက ကွင်းလယ် ဖြစ်တာကြောင့် သူ့ကွင်းလယ်အတွက် ရိုင်းဒါးကို အေစီမီလန်ကနေ တိတ်တိတ်ဆိတ်ဆိတ်ပဲ ခေါ်ယူ လိုက်ပါတယ်။ အခုထိလည်း ရိုဒရီနေရာအတွက် တိုက်ရိုက်အစားထိုးမှုမျိုးမရသေးပါဘူး။ ဒါကို သူက ကွင်းလယ်ကစားကွက်စနစ်တစ်ခုနဲ့ ဖြည့်တင်းထားပါတယ်။

ဂွါဒီယိုလာအတွက် ကစားသမားတွေမှာ မဖြစ်မနေလိုအပ်တာက တကိုယ်တော်အစွမ်းတွေထက် ဘော လုံးဦးနှောက်နဲ့ ဘောလုံးဉာဏ်ရည်ပါ။ ဒါကြောင့် သူလိုချင်တဲ့ ချက်ဆို နားခွက်က မီးတောက်နိုင်တဲ့သူ တွေမရမချင်း ရှိရင်းစွဲကစားသမားတွေကိုတောင် မသုံးဘဲ ချောင်ထိုးပစ်တတ်ပါတယ်။ အဲဒီလို လုပ်ခွင့် ကိုလည်း မန်စီးတီးအသင်းက အကြွင်းမဲ့ပေးထားတာပါတာပေါ့။

အခုဆိုရင် အသင်းအကယ်ဒမီက အော်စကာဘော့ဘ်တို့လို လူငယ်ကစားသမားတွေက တော်တော်ကြီး ကို ခြေတက်လာပြီး သူ့အတွက် အမှန်တကယ်အသုံးဝင်နေပါပြီ။ ဖိုဒန်တောင် ဒီပုံစံအတိုင်းဆိုရင် ပက် ရဲ့ မန်စီးတီးသစ်မှာ ပါလာချင်မှ ပါလာတော့မှာပါ။ နီကို ဂွန်ဇာလက်ကိုတော့ သူ့ကွင်းလယ်ဝင်ရိုးမှာ သုံးနေ ပေမဲ့ ဒီထက်ပိုကောင်းတဲ့ ကစားသမားကိုလည်း ရှာဖွေနေတုန်းလို့ ယူဆရပါတယ်။ လာမယ့်နှစ်နွေ လောက်မှာ အဲဒီကစားသမားအတွက် ဈေးကွက်ထဲ အပြိုင်ဝင်ကြဲနိုင်ပါတယ်။ အခုကတည်းကလည်း ချိတ်ဆက်နေလောက်ပါပြီ။

ချာကီကလည်း သူ့အတွက် တဖြည်းဖြည်း အသုံးဝင်လာမယ့်သူမျိုးဖြစ်ပြီး ပက် ထိန်းချုပ်နိုင်ရင် ထိန်း ချုပ်နိုင်သလောက် ဒီကစားသမားမှာ ထုတ်ယူလို့ရတဲ့အစွမ်းအစမျိုးတွေရှိပါတယ်။ နောက်ပိုင်းသူအခန်း ကဏ္ဍကို ပိုမြင်လာရမှာပါ။ အသင်းရဲ့ တိုက်စစ်ဖန်တီးမှုအကုန်လုံးနီးပါးကို ထမ်းထားခဲ့တဲ့ ဒီဘရိုင်းထွက် ခွါသွားတာကြောင့် သို့သောသို့လောဖြစ်ခဲ့ကြပေမဲ့ ရိုင်းဒါးက အဲဒီနေရာကို ပုံစံတစ်မျိုးနဲ့ ပြန်လည်ဖြည့် တင်းနိုင်မယ့်သူဆိုတာ အခုဆိုရင် သိသိသာသာကြီးကို ပြသနေပါပြီ။

ရာသီအဖွင့်ပွဲမှာ သူတို့ရင်ဆိုင်လိုက်ရတာက အစွယ်ကင်းမဲ့နေတဲ့ ဝုဗ်တို့ဖြစ်တယ်ဆိုပေမဲ့ မန်စီးတီးက လည်း သေချာကို အရှိန်ရစပြုနေပြီဆိုတာ သိသိသာသာပါပဲ။ ရာသီတဖြည်းဖြည်းရင့်မှည့်လာတာနဲ့အမျှ သူတို့ ပိုအသားကျလာလေ ပိုပြီး အလုပ်ဖြစ်လာလေဖြစ်လာမှာပါ။ ဒါကြောင့်လည်း တော်တော်များများ က အင်အားအရမ်းကို ဖြည့်တင်းထားနိုင်တဲ့ လီဗာပူးနဲ့အပြိုင် မန်စီးတီးကို ချန်ပီယံလောင်းစာရင်းထဲမှာ ထည့်ထားကြတာပါ။

တကယ်တော့ လက်ရှိ မန်စီးတီးဟာ ပက်ရဲ့ လုံးဝ စိတ်တိုင်းကျ အနေအထားကိုရောက်ဖို့ လိုပါသေး တယ်။ သူ့အနေနဲ့ ပြင်ဆင်ချင်သေးတာတွေ၊ ဖြည့်စွက်ချင်သေးတာတွေ ရှိဦးမှာပါ။ ကံကောင်းသွားတာ က အာဆင်နယ်၊ လီဗာပူး၊ မန်ယူနိုက်တက်၊ ချယ်လ်ဆီးတို့ရဲ့ ဈေးကွက်အတွင်းက ပြိုင်ပွဲနဲ့ ခေါ်ယူမှုတွေ ရဲ့ဆူညံသံတွေက မန်စီးတီးကို ပြင်ဆင်နေတဲ့အလုပ်တွေကို မီးခိုးကန့်လန့်ကာလိုမျိုး ကာထားပေးပြီး သူတို့အပေါ် အာရုံသိပ်မရောက်ခဲ့ကြတာပါ။ ကလပ်ကမ္ဘာဖလားမှာလည်း အစောကြီးလှည့်ပြန်လာခဲ့ တာဟာ အင်အားကို ချွေတာခဲ့တာလို့ ပြောရင်ရလောက်ပါတယ်။

နောက်ထပ် ဘယ်လိုတွေ အဆင့်မြှင့်တင်ဦးမယ်မသိနိုင်သေးပေမဲ့ ဒီရာသီမှာ မန်စီးတီးရဲ့အခန်းကဏ္ဍက ပွဲတွေများလာလေ သိသာလာလေဖြစ်လာဖို့ရှိပါတယ်။ တစ်ချို့ ကစားသမားတွေဟာလည်း မူလသူတို့ရဲ့ ကို အသိအမှတ်ပြုထားတဲ့အဆင့်အတန်းတွေကနေ ကျော်လွန်ပြီး ကမ္ဘာ့အဆင့် အသိအမှတ်ပြုမှုတွေဆီ ကို ရောက်လာကြဦးမှာပါ။ မန်စီးတီးသစ်ကို ဂွါဒီယိုလာ မွေးထုတ်လိုက်ပြီလို့ မပြောနိုင်သေးရင်းတောင် သန္ဓေတည်နေခဲ့ပြီဆိုတာကတော့ သေချာသလောက်ဖြစ်ပါတယ်။