Innwa-Ads-Banner-1-1170X200

မြန်မာအမျိုးသမီး ဘောလုံးကို တရှိန်ထိုး တက်လာစေနိုင်မယ့် နည်းစနစ်နဲ့ ကျွမ်းကျင်မှုများ

ဒီအကြောင်းအရာကိုပြောတဲ့အခါ လက်ရှိမြန်မာအသင်းနည်းပြအဖွဲ့ဝင်တွေနဲ့ မြန်မာအမျိုးသမီးလက် ရွေးစင်ကစားသမားတွေထက် ကျွန်တော်တို့က ပိုသိပိုတတ်သလိုမျိုးသဘောမဟုတ်သလို၊ မိကျောင်း မင်း ရေကင်းပြသလိုမျိုး သဘောလည်းမဟုတ်ပါဘူး။ ပညာရှိသတိဖြစ်ခဲဆိုသလို လုပ်ရင်းကိုင်ရင်း သတိမမူမိသလို ဖြစ်နေနိုင်တာလေးတွေကို ထောက်ပြအကြံပေးတဲ့သဘောပါပဲ။ မြန်မာအမျိုးသမီး အသင်းပိုပြီး တိုးတက်လာဖို့ အထောက်အကူလေးနည်းနည်းလောက်ဖြစ်စေချင်တဲ့ ရည်ရွယ်ရင်းပါပဲ။

ပထမဆုံးကတော့ ပွဲကို ဖြတ်ကနဲဖတ်ခြင်းပါပဲ။ Scanning လို့ခေါ်ပါတယ်။ ဘောလုံး ကိုင်ထားတဲ့အချိန်၊ ဘောလုံးလက်ခံဖို့ အခွင့်အလမ်းသာနေတဲ့အချိန်၊ ဆွဲပြေးနေတဲ့အချိန် ဒီလို အချိန် တွေအားလုံးမှာ ၂ စက္ကန့်လောက် Scanning လုပ်နိုင်လိုက်ရင်ကို ပေးပို့မှုတွေ၊ ဆွဲယူမှုတွေနဲ့ပတ်သက် တဲ့ ဆုံးဖြတ်ချက်တွေရဲ့ ကွာလတီက ပိုတက်လာမှာဖြစ်ပြီး လူပေးမှားတာ အချိန်အဆက်လွဲတာတွေလည်း အများကြီး လျော့ကျသွားမှာပါ။ ဒီအတွက် လေ့ကျင့်ခန်းတွေအများကြီးရှိပြီး နည်းပြအဖွဲ့က သေချာ ပြင် ဆင်ပေးရင် အချိန်တိုအတွင်းတိုးတက်လာနိုင်ပါတယ်။ Scanning လုပ်နိုင်ရင်ကို လူမရှိတဲ့နေရာဆီကို ဘောလုံးဖြတ်ချိုးချပေးမိတာ၊ ပြိုင်ဘက်ရှိနေတဲ့ဘက်ကို ဆွဲလှည့်လိုက်မိလို့ ဘောလုံးပျက်တာတွေ သိသိသာသာ လျော့ကျသွားမှာပါ။

ဒုတိယတစ်ခုကတော့ Communication ဆိုတဲ့ ဆက်သွယ်မှုပါ။ အချင်းချင်း အော်ဟစ်သတိပေးတာ၊ လက်ဟန်ခြေဟန်နဲ့အချက်ပြတာ၊ အချက်ပြစနစ်ကို ကြိုတင်ပြီး ပြင်ဆင်လေ့ကျင့်ထားပြီး ဆက်သွယ် တာတွေပါ။ နောက်ဖက်ကပ်လျက်မှာ ပြိုင်ဘက်ပြေးဝင်လာနေတယ်ဆိုတာကို ဘောလုံးကိုင်ထားတဲ့ ကစားသမားက မမြင်နိုင်ပေမဲ့ အနီးစပ်ဆုံး အသင်းဖော်က မြင်နိုင်ပါတယ်။ ဒီအချိန်မှာ ဘယ်လိုသင်္ကေ တနဲ့ အချက်ပြမလဲ၊ ဒါမှမဟုတ် ထုတ်ပြီး အော်ဟစ်ပဲပြောမလား ဆက်သွယ်လို့ရပါတယ်။ ဒါက အရေး ကြီးတဲ့ ကိစ္စပါ။ နောက်လာမယ့် ကိစ္စမှာလည်း အရေးကြီးပါတယ်။ ဆက်သွယ်မှု အားကောင်းရင် အချိတ် အဆက်မိလာမှာဖြစ်ပြီး Scanning ကိုသာ တစ်သင်းလုံးက လုပ်ပြီး ဆက်သွယ်နေမယ်ဆိုရင် အသင်း လိုက် ချိတ်ဆက်မှု အရည်အသွေးက တက်လာမှာဖြစ်ပါတယ်။ ဒါတွေကလည်း လေ့ကျင့်ခန်းတွေ ပြင် ဆင်ပြီး လုပ်ယူလို့ရပါတယ်။

နောက်တစ်ချက်ကတော့ Third man passing ပါ။ တစ်ခါတစ်လေမှာ ဘောလုံးကို လိုချင်တဲ့ဇုန်ဆီကို ယူသွားနိုင်ဖို့၊ ဒါမှမဟုတ် ပေးပို့ချင်တဲ့ ကစားသမားဆီကို ပေးပို့နိုင်ဖို့က တိုက်ရိုက်လုပ်ဖို့ အခွင့်အလမ်း မသာဘူး၊ ဖိအားပေးခံနေရတယ်ဆိုရင် အဲဒီနေရာဆီကို ပေးပို့ဖို့အတွက် တတိယလူတစ်ယောက်ကနေ တစ်ဆင့်လှည့်ပေးစေတာမျိုးတွေ လုပ်ကြပါတယ်။ ဒါက Pressing ကို ကောင်းကောင်း ကျော်ဖြတ်နိုင် ဖို့ လုပ်ကြရတဲ့ လေ့ကျင့်ခန်းမျိုးပါ။ အစုအဖွဲ့လိုက်လုပ်ကြရတာဖြစ်ပြီး Third Man Passing Drills တွေဆို တာ သီးသန့်ရှိပါတယ်။ ဒီလေ့ကျင့်ခန်းကိုသာ ကောင်းကောင်းလုပ်ထားနိုင်မယ်ဆိုရင် ဘောလုံးကို မလို အပ်ဘဲ မဆုံးရှုံးတာ၊ တဖက်က ဖိအားပေးနေတာကို ဖောက်ထွက်နိုင်တာ၊ အသင်းလိုက် ရွေ့လျားနိုင်တာ၊ ထိရောက်တဲ့ ပေးပို့မှုတွေကို အတားအဆီးခံရတာမရှိဘဲ လုပ်နိုင်တာမျိုးတွေ အကျိုးရှိပါတယ်။

နောက်ဆုံးဆိုပေမဲ့ အရေးအကြီးဆုံးကတော့ ဘောလုံးထိန်းသိမ်းမှုနဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းတွေဖြစ် ပါတယ်။ လက်ရွေးစင်ကစားသမားတွေဆိုတာ သာမန်အချိန်မှာတော့ အေးအေးဆေးဆေးထိန်းသိမ်းနိုင် ကြတဲ့အဆင့်တွေဖြစ်ကြပြီးသားပါ။ လိုအပ်တာက High Intensity နဲ့တင်ပြီး အပေးအယူကို အရှိန်ပါပါ မြန်မြန် တွဲဖက်ကစားတဲ့အခါ ထိန်းသိမ်းနိုင်စွမ်းပါ။ ဒါအတွက်လည်း သီးသန့်လေ့ကျင့်ခန်းတွေရှိပြီး တစ် ဦးချင်းအနေနဲ့လည်း နံရံအလွတ်နဲ့ တစ်ကိုယ်တော် ကန်လိုက်ဖမ်းယူလိုက်လုပ်ရင်း ပိုသေသပ်လာအောင် လုပ်ယူနိုင်ပါတယ်။ ဒါပြီးရင်တော့ ပြေးရင်းနဲ့ ကန်သွင်းတဲ့အခါ ခြေလှမ်းချိန်ကိုက်ပုံနဲ့ ပြေးထွက်ပြီး ကန်သွင်းတဲ့ ကန်နည်း စနစ်တွေကို ပိုလေ့ကျင့်မယ်ဆိုရင် ဒီထက် အများကြီး ပိုတိုးတက်လာမှာ သေချာသလောက်ပါပဲ။