Innwa-Ads-Banner-1-1170X200

လီယွန်နယ်မက်ဆီထံ ပေးစာ

ချစ်လှစွာသော လီယိုနယ်မက်ဆီ၊

ဘောလုံးကမ္ဘာမှာ သမိုင်းရပ်တန့်သွားသလို ခံစားရတဲ့ အခိုက်အတန့်တွေရှိပါတယ်။ မင်းကစားတာကို မကြည့်ရတော့မှာစိုးရိမ်နေမိတယ်။ ဗင်နီဇွဲလားနဲ့အာဂျင်တီးနား အိမ်ကွင်းနောက်ဆုံးပွဲကမှာ၊ ဂိုးနှစ်ဂိုးနဲ့ ပရိသတ်တွေဆီ ပြုံးပြနှုတ်ဆက်ခဲ့တယ်။ အချိန်တွေဟာ ကုန်လွန်သွားနိုင်ပေမယ့် မင်းရဲ့ ကြီးမြတ်မှုက ထာဝရတည်နေမယ်ဆိုတဲ့ အမှတ်ရမှုတစ်ခုပေါ့။ အာဂျင်တီးနားက ကမ္ဘာ့ဖလား ဝင်ခွင့်ရပြီးသား၊ မင်းဘာမှ သက်သေပြဖို့ မလိုတော့ဘူး။ ဒါပေမယ့်ထပ်မံသက်သေပြခဲ့တယ်။ ဒါဟာ လီယိုနယ် မက်ဆီရဲ့ အနှစ်သာရပဲ။ မင်းဟာ နှစ်နှစ်ဆယ်နီးပါးကြာ ဘောလုံးရဲ့ အသည်းနှလုံးနေရာမှာ ရှိခဲ့တယ်။ ရိုဆာရီယိုမြို့လေးက လမ်းဘောင်တွေကနေ ဘာစီလိုနာ၊ ပါရီ၊ မိုင်ယာမီ နဲ့ မင်းချစ်ရတဲ့ အဂျင်တီးနား အသင်းတော်ကြီးဆီကို ရောက်ရှိခဲ့တဲ့ မင်းရဲ့ဇာတ်လမ်းအောင်မြင်မှုဟာ ကျော်လွန်နေပြီ။ မင်းဟာ ကစားသမားတစ်ယောက်တင်မကဘူး။ ဘောလုံးရဲ့ လှပမှုကို အနုပညာနဲ့တိုင်းတဲ့ စံပြပုဂ္ဂိုလ်ပဲ။ကမ္ဘာတစ်ဝှမ်းက ကလေးတွေဟာ မင်းလိုနိုင်ချင်လို့ မက်ဆီအင်္ကျီဝတ်ကြတာ မဟုတ်ဘူး။ မင်းက ဘောလုံးကို အနုပညာလို ကစားတတ်လို့ပါ။

အားကစားမှာ ကြီးမြတ်မှုကို ကိန်းဂဏန်းတွေနဲ့ ခြေရာခံလေ့ရှိတယ်။ ဂိုး ၈၀၀၊ ရွှေဘောလုံး ၇ လုံး၊ မရေမတွက်နိုင်တဲ့ ုတံဆိပ်တွေ။ ဒါပေမယ့် မင်းရဲ့ ကြီးမြတ်မှုက ဂဏန်းတွေထဲမှာ ပိတ်မိနေတာ မဟုတ်ဘူး။ မင်းဟာ ခံစစ်ကာကွယ်သူတွေကို ဖြတ်ကျော်ရင်း မြေဆွဲအားကိုတောင် မင်းစိတ်တိုင်းကျ ကိုင်တွယ်နိုင်တယ်။ အခြားသူတွေ မမြင်နိုင်တဲ့ ပေးပို့မှုတွေမှာ၊ ဘောလုံးက မင်းအသင်းဖော်ရဲ့ ခြေထောက်တွေဆီကို ရောက်နေပြီးသား ဖြစ်နေတဲ့အချိန်တွေရှိတယ်။ ဖိအားတွေအောက်မှာ အေးဆေးတည်ငြိမ်မှုရှိနေတယ်။ နောက်ဆုံးမိနစ် ကမ္ဘာ့အကြီးမြတ်ဆုံး စင်မြင့်ပေါ်က ပင်နယ်တီ မင်းဝင်အောင်ကန်သွင်းနိုင်ခဲ့တယ်။ ဒါမှမဟုတ် တစ်နိုင်ငံလုံးရဲ့ ဝန်ထုတ်ဝန်ပိုးက မင်းရဲ့ ပုခုံးပေါ် ကျရောက်နေတဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကြီးမှာ၊ မင်းကဆက်ပြီး ပြုံးပြနိုင်ခဲ့တယ်၊ သူတို့ကို ထမ်းပိုးနိုင်ခဲ့တယ်။

မင်းကို ထူးခြားစေတာက လူသားဆန်ဆုံး ဖြစ်နေတာပဲ။ မင်းက အားနည်းချက်တွေ၊ သံသယတွေ၊ ဝမ်းနည်းပူဆွေးမှုတွေလဲ ထုတ်ပြခဲ့တယ်။ Copa América မှာ ရှုံးနှိမ့်ပြီးနောက် အချိန်တိုအတွင်း အဂျင်တီးနား အသင်းကနေ အနားယူတဲ့အခါမျိုးပေါ့။ ပြီးတော့ မင်း ပြန်လာခဲ့တယ်။ အာဂျင်တီးနားက မင်းကို လိုအပ်နေလို့ပါ။ ဘောလုံးက မင်းကို လိုအပ်နေလို့ပါ။ ဒီလိုနှိမ့်ချမှု၊ ဒီလို သူများအတွက် ပြန်လာဖို့ ဆန္ဒရှိနေမှုတွေဟာ မင်းကို စင်စစ်ထာဝရအဖြစ် ရောက်ရှိစေခဲ့တာပါ။ဒီအပတ်၊ ကမ္ဘာကြီးက မင်းကို အဂျင်တီးနား အသင်းရဲ့ အပြာနဲ့ဖြူ အရောင်တွေနဲ့ ထပ်မြင်ခဲ့ရတယ်။

အိမ်ကွင်းခြေစစ်ပွဲမှာ နောက်ဆုံးအကြိမ်အဖြစ် မြင်ရတာဖြစ်ကောင်း ဖြစ်နိုင်တယ်။ အသက် ၃၈ နှစ် လူသားက၂၀၀၅ ခုနှစ် ဘောလုံးဇာတ်စင်ပေါ် စတင်တက်ခဲ့တဲ့ ကောင်လေးတုန်းကလို ချွန်ထက်မှုတွေမင်းမှာ ရှိနေဆဲပါပဲ။ ပရိသတ်အများစု မင်းနာမည်ကို မမှတ်မိသေးခင်မှာပဲ ပွဲဦးထွက် ဂိုးသွင်းခဲ့တဲ့ ကောင်လေးပေါ့။ နှစ်နှစ်ဆယ်နီးပါး ကြာပြီးလည်း ပရိသတ်တွေက မက်ဆီလို့ အားပေးအော်ဟစ်ကြတယ်။ ဒါကို အာဂျင်တီးနားရဲ့ နာမည်ပဲတင်သံလို့ သဘောထားကြတယ်။ မက်ဆီနဲ့ အာဂျင်တီးနားလူမျိုးတွေကြားက ချစ်ခြင်းမေတ္တာဟာ ရှည်လျားပြီးအကွေ့ကောက်များတဲ့ လမ်းကြီးတစ်ခုလို ဖြစ်ခဲ့တယ်။ တစ်ခါက ရှုပ်ထွေးခဲ့ပေမယ့် အခုတော့ ပြည့်စုံသွားပြီ။ ကာတာက ကမ္ဘာ့ဖလားက ဒါကို ထာဝရ တံဆိပ်ခတ်ပေးလိုက်ပြီ။ ဒါပေမယ့် မင်းကဆက်ပြီး ပေးဆပ်နေဆဲပါပဲ။

အချိန်ကာလနဲ့ ပတ်သက်ပြီး ကဗျာဆန်တဲ့ အရာတစ်ခုရှိနေတယ်။ ဘောလုံးက အချိန်နဲ့အမျှဆင့်ကဲပြောင်းလဲနေတယ်။ ကြယ်ပွင့်သစ်တွေ ပေါ်ထွန်းနေတယ်။ နည်းဗျူဟာအသစ်တွေက ကစားပွဲကို ပုံဖော်နေတယ်။ ပြိုင်ဆိုင်မှုအသစ်တွေကို ရေးသားနေကြတယ်။ ဒါပေမယ့် ဒီအပြောင်းအလဲအားလုံးရဲ့ အလယ်မှာ၊ လီယိုနယ် မက်ဆီဟာ ဆက်ပြီး သတင်းခေါင်းစဉ်တွေကို စိုးမိုးနေဆဲ၊ ဘောလုံးကွင်းတွေကို ကျယ်လောင်နေဆဲပါပဲ။ မင်းဟာ ဘောလုံးသမားထက် ပိုတယ်။ မင်းဟာ မျိုးဆက်တွေကို ဆက်သွယ်ပေးတဲ့ ချိတ်ဆက်မှုတစ်ခုပါ။ မာရာဒိုနာကို ကြည့်ခဲ့ဖူးသူတွေအတွက်တော့ မင်းဟာ အာဂျင်တီးနားရဲ့ စိတ်ဝိညာဉ်ရဲ့ ဆက်လက်မှုတစ်ခုပါ။ မကြည့်ဖူးသူတွေအတွက်တော့ ဘောလုံးဟာ မက်ဆီ ဆိုတာပဲဆိုတဲ့ စကားရဲ့သက်သေပဲ။

မင်းဟာ ဘောလုံးကို ကစားရုံတင်မကဘူး။ မင်းက မြှင့်တင်ပေးတယ်။ ဘောလုံးပွဲတွေကို မှတ်ဉာဏ်တွေအဖြစ်၊ စာရင်းဇယားတွေကို ဇာတ်လမ်းတွေအဖြစ်၊ အနိုင်ရမှုတွေကို စိတ်ခံစားမှုတွေအဖြစ် ပြောင်းလဲပေးတယ်။ လိမ်ခေါ်ကျော်ဖြတ်မှုတိုင်းဟာ ရိုးရှင်းမှုရဲ့ ပါရမီရှင်ဖြစ်နိုင်တယ်ဆိုတဲ့ အမှတ်ရမှုတစ်ခုပါပဲ။ ဂိုးတိုင်းဟာစိတ်ရှည်မှုနဲ့ အတိအကျ ကိုက်ညီမှုရဲ့ သင်ခန်းစာတစ်ခုပါ။ နေးမား၊ ဆွာရက်စ်၊ ဒီ မာရီယာ တို့လို အသင်းဖော်တွေနဲ့ မင်းရဲ့ ထွေးပွေ့မှုတိုင်းဟာ ကြီးမြတ်သူတွေတောင် တောက်ပဖို့ အခြားသူတွေ လိုအပ်တယ်ဆိုတာ ပြသနေပါတယ်။ မင်းဟာ အမြဲတမ်း မင်းရဲ့ ဂုဏ်သတင်းကို မျှဝေခဲ့တယ်။ ဘယ်တော့မှ သိမ်းဆည်းမထားခဲ့ဘူး။


ဗင်နီဇွဲလားနဲ့ ကစားပြီး မင်း ကစားကွင်းကနေ ထွက်သွားတဲ့အခါ အာဂျင်တီးနားပရ်ိသတ်တွေ စနာကျင်မှုခဲ့ရတယ်။ ဘောလုံးကမ္ဘာက မင်းကို ထာဝရ ပိုင်ဆိုင်လို့မရဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ဘောလုံးကမ္ဘာက ထပ်မံဖြစ်ပေါ်လာနိုင်ခြင်းမရှိတဲ့ အရာတစ်ခုရဲ့ ဂုဏ်သိက္ခာကို ရရှိထားတယ်ဆိုတာလည်း သိပါတယ်။ နောက်မျိုးဆက်သစ်တွေ ရောက်လာတဲ့အခါ၊ ကလေးတွေက မက်ဆီကစားတာကို ကြည့်ရတာ ဘယ်လိုလဲလို့ မေးမယ့်အခါ၊ လူကြီးတွေက စကားလုံးတွေ ရှာဖွေရင်း ခဏရပ်တန့်သွားကြလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ စကားလုံးတွေက ဘယ်တော့မှ မလုံလောက်လို့ပါပဲ။ မှော်ဆန်တာကိုဘယ်လိုရှင်းပြမလဲ။ တိကျမှုကို ဘယ်လိုရှင်းပြမလဲ။ စင်ကြယ်တဲ့ ပျော်ရွှင်မှုကို ဘယ်လိုရှင်းပြမလဲ။

ဒါကြောင့် ကျေးဇူးတင်ပါတယ်။ မင်းရဲ့ လှုပ်ရှားပြေးလွှားမှုတိုင်း၊ ပြုံးပြမှုတိုင်း၊ မှော်ဆန်တဲ့ အခိုက်အတန့်တိုင်းအတွက် ကျေးဇူးတင်ပါတယ်။ ဇာတ်လိုက်တစ်ယောက်ဖြစ်ပြီး ဒီလောက် လူသားဆန်စွာ နေထိုင်ပြသတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကြီးမြတ်မှုဆိုတာ နိုင်ခြင်းတစ်ခုတည်းအတွက်ပဲ မဟုတ်ဘူးဆိုတာ၊ မင်းကို ဘယ်တော့မှ မတွေ့ဖူးဘဲ မင်းကို သိကျွမ်းသလို ခံစားရတဲ့ သန်းနဲ့ချီတဲ့ လူတွေကို ပျော်ရွှင်မှု ပေးခြင်းအတွက်ပါဆိုတာ ပြသတဲ့အတွက် ကျေးဇူးတင်ပါတယ်။ဒါဟာ နှုတ်ဆက်စာတစ်စောင် မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒဏ္ဍာရီတွေဟာ နှုတ်ဆက်လေ့မရှိလို့ပါပဲ။ ဒဏ္ဍာရီတွေဟာ ပဲ့တင်ထပ်နေတတ်ပါတယ်။ ဒါကြောင့် လီယိုနယ် မက်ဆီဆိုတဲ့မင်းဟာ ထာဝရ ပဲ့တင်ထပ်နေမှာပါပဲ။