ဂျာမနီက ဟာရီ ကိန်း ဇာတ်လမ်းဟာ ခေတ်သစ် ဘောလုံး လောကရဲ့ အထင်ရှားဆုံး ပြန်လည်နိုးထမှု ဇာတ်ကွက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကိန်းဟာ တော့တင်ဟမ် ဟော့စ်ပါးအတွက် ဂိုးရာချီ သွင်းပေးခဲ့သူ၊ အင်္ဂလန် တိုက်စစ်မှူးတာဝန်ကို ထမ်းဆောင်ခဲ့သူ ဆိုတဲ့အထူးခြားဆုံး နာမည်တွေနဲ့ ကျော်ကြားခဲ့ပေမယ့် အဓိကကျတဲ့ ဖလားချန်ပီယံတစ်ခုတောင် မရခဲ့သူဆိုပြီး လူသိများခဲ့ပါတယ်။ သူ့အပေါ် သတ်မှတ်ခံရတဲ့ ဇာတ်လမ်းက ရက်စက်ခဲ့ပါတယ်… ကြယ်ပွင့်စစ်မှူး၊ ဒါပေမယ့် ဗလာချည်းပဲလို့ပေါ့။
မြူးနစ်ကို ပြောင်းရွှေ့ခဲ့တဲ့အခါ သူ့အပေါ်ဖိအားက ပိုမိုကြီးမားလာခဲ့ပါတယ်။ ဒါဟာ သူ့အတွက် ရွှေရောင်အခွင့်အရေးလို့ ယူဆခဲ့ကြတယ်။ ဘိုင်ယန်ဟာ နှစ်တိုင်း ဘွန်ဒက်စ်လီဂါကို လွှမ်းမိုးနိုင်ခဲ့တဲ့ အသင်းဖြစ်ပြီး ကိန်းနဲ့အတူ ဥရောပကိုပါ လွှမ်းမိုးမယ်လို့ မျှော်လင့်ခဲ့ကြတယ်။ ချက်ချင်းအောင်မြင်မှု မရရှိခဲ့ရင်တော့ ရှုံးနိမ့်မှုလို့ပဲ သတ်မှတ်ခံရမှာပါ။
ဘာဗေးရီးယားမှာ သူ့ရဲ့ ပထမဆုံးရာသီဟာ လှိုင်းထန်ခဲ့ပါတယ်။ ကိန်းဟာ ဂိုးတွေသွင်းခဲ့တယ်၊ ဟုတ်ပါတယ်… ဒါပေမယ့် ဘိုင်ယန်ဟာ ဇာဘီ အလွန်ဆိုရဲ့လေဗာကူဆင်ထံ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆု လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ ဝေဖန်သူတွေရဲ့ ဓားတွေဟာ ပိုပြီးချွန်လာခဲ့တယ်။ သူ့ရဲ့ စိတ်ဓာတ်၊ အင်္ဂလန်ကနေ ထွက်ခွာလာခဲ့တဲ့ ဆုံးဖြတ်ချက်၊ အရေးကြီးတဲ့အချိန်မှာ အောင်မြင်မှုယူဆောင်နိုင်မလားဆိုတာတွေကို မေးခွန်းထုတ်ခဲ့ကြတယ်။ ကိန်းအတွက်တော့ အင်္ဂလန်သတင်းခေါင်းစဉ်ဟောင်းတွေက ဂျာမနီအထိ လိုက်ပါလာသလို ခံစားခဲ့ရမှာပါ… ‘သမိုင်းတစ်လျှောက်အကောင်းဆုံးတိုက်စစ်မှူး၊ ဒါပေမယ့် ဘယ်တော့မှ မပြည့်စုံဘူး’ ဆိုတဲ့ စကားတွေပေါ့။
ဒါပေမယ့် ဘောလုံးဟာ ဘဝလိုပဲ ဒုတိယ အခွင့်အရေးတွေ ပေးလေ့ရှိပါတယ်။ ကိန်းဟာ မနှစ်က ဘွန်ဒစ်လီဂါ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း ကိန်းဟာ စာမျက်နှာသစ်တစ်ခုကို စတင်ရေးသားနေပါပြီ… အတိတ်နဲ့ လုံးဝကွဲပြားတဲ့ စာမျက်နှာသစ်တစ်ခုပေ့ါ။ မကြာသေးခင်က သူ့ရဲ့ ကစားဟန်တွေဟာ လျှပ်စစ်လို စွမ်းအားပြည့်နေခဲ့ပါတယ်။ ဟိုဖင်ဟိုင်းမ်ကို ဟက်ထရစ်(ဂိုးသုံးဂိုး) သွင်းနိုင်ခဲ့တဲ့အကြောင်းက သတင်းထူး မကပါဘူး။ ယုံကြည်မှု၊ ဝေဖန်သူတွေကို တိတ်ဆိတ်သွားစေခဲ့မှု၊ သူဟာ ကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးဆိုတာကို ပြန်လည်သတိရစေခဲ့မှုတွေ ပါပါတယ်။ ဂိုးတိုင်းဟာ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေခဲ့တယ်… ထက်မြက်တဲ့ ဗီဇ၊ နေရာယူကောင်းမွန်မှု၊ ဖိအားအောက်မှာ ခေါင်းအေးအေးထားနိုင်မှုတွေပါပဲ။ ကိန်းဟာ ဂိုးသွင်းနေရုံတင်မကဘဲ ကစားကွက်ကို ပါလွှမ်းမိုးနေခဲ့တာပါ။
ဗင်းဆင့် ကွန်ပါနီ လက်ထက်မှာ ဘိုင်ယန်ရဲ့ စနစ်သစ်ဟာလည်း ကိန်းရဲ့ကစားဟန်ကို အသက်သွင်းပေးခဲ့ပါတယ်။ ကွန်ပါနီဟာ သူ့ရဲ့ တိုက်စစ်မှူးတွေကို ပြင်းပြင်းထန်ထန် ချေမှုန်းဖို့၊ ဘောလုံးကို ချိတ်ဆက်ကစားဖို့၊ ခုခံကာကွယ်ရေးတွေကို အဆက်မပြတ် ဟန့်တားဖို့ လိုလားပါတယ်။ ကိန်းအတွက်တော့ ဒါဟာ အကောင်းဆုံးပါပဲ။ သူ့ရဲ့ လူသိသိပ်မများသေးတဲ့ ကစားဟန်၊ ဖန်တီးနိုင်စွမ်း၊ ဘောလုံးဆယ်ယူနိုင်စွမ်းတွေဟာ ဂျာမနီမှာ နောက်ဆုံးတော့ အသိအမှတ်ပြုခံလာရပါတယ်။ သူဟာ ဂိုးသွင်းသူသက်သက်တော့ မဟုတ်တော့ဘူး… အသင်းတိုက်စစ်ရဲ့ နှလုံးသားပါပဲ။ Diaz , Ollise တို့နဲ့ ချိတ်ဆက်ကစားနိုင်ပုံဟာ ဘိုင်ယန်ကို ခန့်မှန်းလို့မရနိုင်တော့အောင်၊ ပြောင်းလွယ်ပြင်လွယ်ရှိပြီး အန္တရာယ်ရှိလာစေခဲ့ပါတယ်။
ဒါပေမယ့် နည်းဗျူဟာထက် ပိုပြီး စွမ်းအားရှိတာက ခံစားချက်ပါပဲ။ ကိန်းဟာ တော့တင်ဟမ်ကနေ ဆုတွေအတွက်တင်မကဘဲ စိတ်ကျေနပ်မှုရဖို့အတွက်ပါ ထွက်ခွာလာခဲ့တာပါ။ နိုင်ငံခြားဘောလုံးလိဂ်၊ နိုင်ငံခြားအသင်းတစ်သင်းမှာ၊ ပြင်းထန်တဲ့ ဝေဖန်မှုတွေအောက်မှာ စူပါစတားတစ်ယောက်ဖြစ်ရတဲ့ ဖိအားကို သူခံနိုင်ရည်ရှိကြောင်း သူကိုယ်တိုင်သက်သေပြချင်ခဲ့တာပါ။ အခု… ပရိသတ်တွေရဲ့ ရှေ့မှာ သူဝမ်းသာပျော်ရွှင်တဲ့အခါ သူ့မျက်လုံးတွေမှာ မီးတောက်တွေလောက်ကို တောက်ပနေပါတယ်။ ဒါဟာ တစ်ခါက တော့တင်ဟမ်ကို တစ်ယောက်တည်း ထမ်းခဲ့ရတဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ ကိန်း မဟုတ်တော့ပါဘူး။ ဒါဟာ ပြန်လည်မွေးဖွားလာတဲ့ လူတစ်ယောက်ပါ… အမြင့်ဆုံးစံနှုန်းတွေကိုသာ တောင်းဆိုတဲ့ အသင်းတစ်သင်းရဲ့ စွမ်းအင်တွေကနေ အာဟာရကို ရယူနေတဲ့ လူတစ်ယောက်ပါ။
တကယ်တော့ မေးခွန်းတွေက ရှိနေဆဲပါပဲ။ ဥရောပစင်မြင့်ပေါ်မှာ သူနောက်ဆုံးတော့ အောင်မြင်မှုယူဆောင်နိုင်မလား? ဘိုင်ယန်ဟာ ချန်ပီယံလိဂ်ဆုကို ပြန်လည်ရယူဖို့ အရမ်းကို စိတ်အားထက်သန်နေပြီး ကိန်းဟာ ဘွန်ဒက်စ်လီဂါ ကစားဟန်တွေနဲ့သာမက ဥရောပရဲ့ ထိပ်တန်းအသင်းတွေနဲ့ ကစားရမယ့် အရေးကြီးတဲ့ ညတွေမှာပါ အကဲဖြတ်ခံရမှာပါ။ အဲဒီနေရာမှာပဲ အတိတ်ရဲ့ သရဲတွေ ပြန်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ကိန်းဟာ အဆင်သင့်ဖြစ်နေပြီလားလို့… ဒီတစ်ခါတော့ မျှော်လင့်ချက်ရဲ့ ဝန်ထုပ်ဟာ လောင်စာဆီအဖြစ် ပြောင်းလဲသွားပြီလားလို့…မေးချင်မိပါတယ်။
ဒီပြန်လည်တောက်ပလာမှု ခရီးစဉ်ကို စွဲမက်ဖို့ကောင်းစေတဲ့ အကြောင်းရင်းက ခုမှ အစပဲရှိနေသေးတာကြောင့်ပါ။ ကျွန်တော်တို့ဟာ ခရီးစဉ်ရဲ့ အစပိုင်းမှာပဲ ရှိနေဆဲပါ။ ကိန်းမှာ ဂိုးတွေရှိတယ်၊ သူ့မှာ ပုံစံကောင်းတွေရှိတယ်၊ သူ့အတွက် ကိုက်ညီတဲ့ စနစ်တွေရှိတယ်။ ဒါပေမယ့် သူကြာမြင့်စွာ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ ဆုတံဆိပ်တွေကို မြှောက်ထားပြီး ချီးမြှင့်တဲ့အချိန်မှသာ ပြည့်စုံမှာပါ။ တစ်ခါက သူ့ကို လှောင်ပြောင်ခဲ့တဲ့ ဂျာမန် မီဒီယာတွေဟာ အခု တောင်းပန်သံတွေ ညှည်းညူနေပါပြီ။ သူ့ကို သံသယဝင်ခဲ့တဲ့ အင်္ဂလိပ်ပရိသတ်တွေဟာ အခု ဂရုတစိုက်ကြည့်ရှုနေကြပြီး ဒီရာသီဟာ သူတို့ရဲ့ ကပ္ပတိန် ဥရောပကို နောက်ဆုံးတော့ အောင်နိုင်မလားဆိုတာကို အံ့အားသင့်နေကြပါတယ်။
အဆုံးသတ်မှာတော့ ဟာရီ ကိန်း ဇာတ်လမ်းဟာ ဘောလုံးတစ်ခုတည်းအကြောင်းတင်မကပါဘူး။ ဒါဟာ ခံနိုင်ရည်ရှိမှုအကြောင်းပါ။ ကမ္ဘာကြီးက နောက်ကျသွားပြီလို့ ပြောလာတဲ့အချိန်မှာ အိပ်မက်တစ်ခုကို လိုက်ဖမ်းတဲ့အကြောင်းပါ။ ရှုံးနိမ့်မှုနဲ့ အဓိပ္ပာယ်ဖွင့်ခံရမှုကို ငြင်းဆန်တဲ့အကြောင်းပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က ဖြစ်ရပ်တွေဟာ နောက်ထပ်ဘာတွေဖြစ်လာမလဲဆိုတဲ့ လက္ခဏာတွေသာဆိုရင်တော့ ကိန်းရဲ့ ခရီးစဉ်ဟာ ဂိုးတွေနဲ့သာမက ဂုဏ်ကျက်သရေနဲ့ပါ အဆုံးသတ်သွားနိုင်ပါတယ်။ သူ့ရဲ့ တစ်သက်တာလုံး “ပြည့်ပြည့်စုံစုံနဲ့ နီးစပ်ခဲ့တယ်” ဆိုတဲ့ ဝန်ထုပ်ကို သယ်ဆောင်ခဲ့ရတဲ့ ကစားသမားတစ်ယောက်အတွက်တော့ ဒါဟာ ချိုမြိန်ဆုံးသော အဆုံးသတ်တစ်ခု ဖြစ်လာမှာပါပဲ။