ဘောလုံးသမားတွေထဲမှာ သူတို့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တဲ့အတွက် ခဏတာအားနည်းးသွားတဲ့အချိန်မှာ ဝေဖန်ခံရသူတွေရှိပါတယ်။လူငယ်ကစားသမားဘဝတုန်းက ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ Argentina ကို အံ့အားသင့်စေခဲ့သူ၊ Paris Saint-Germain ရဲ့ သင်္ကေတတစ်ခုဖြစ်လာခဲ့တဲ့ ဆယ်ကျော်သက်လူငယ်၊ ကြီးမြတ်မှုဆီကို ဦးတည်ခဲ့တဲ့ အစွမ်းထက်လူငယ် ဖြစ်တဲ့ Kylian Mbappé ဟာ ကစားသမားဘဝရဲ့အကောင်းဆုံးအချိန်ကိုပြန်လည် ရောက်ရှိလာခဲ့ပါပြီ။ မနှစ်အချိန်အများစုမှာတော့ Mbappe အပေါ် ဝေဖန်သံတွေကျယ်လောင်လာခဲ့တယ်။ Mbappé ဟာ Real Madrid ရဲ့ ဖိအားကို တကယ်ခံနိုင်ရည်ရှိရဲ့လား။ PSGကို ငြင်းပယ်ပြီးပြောင်းရွှေ့ခဲ့တဲ့ အပြောင်းရွှေ့က Mbappeကို သတ်လိုက်ပြီးလား စသည်ဖြင့်ပေါ့။
Bernabéu မှာ ပထမဆုံးလတွေဟာ Mbappeအတွက်သိပ်ချောမွေ့ခဲ့တာမဟုတ်ပါဘူး။ ဝေဖန်မှုတွေက မညှာတာခဲ့ဘူး၊ မီးမောင်းတွေက မျက်စိပျံအောင် ထိုးစိုက်ထားခဲ့ကြတယ်။ အရေးကြီးပွဲတွေမှာ ပင်နယ်တီတွေလွဲခဲ့တယ်၊ Vinícius နဲ့ Rodrygo တို့နဲ့ ချိတ်ဆက်မှုတွေဟာ မရေရာခဲ့ဘူး၊ ပရိသတ်တွေကတော့ မတွေးဝံ့စရာမေးခွန်းတွေ စမေးလာခဲ့ကြတယ်- Mbappé ဟာ တကယ်ပဲ Madrid လိုအပ်နေတဲ့ ခေါင်းဆောင်လား? ဝေဖန်သံတွေဆူညံခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၅ခုနှစ် ဒီရာသီရဲ့ ဇာတ်လမ်းကတော့ ဒီဇာတ်ကြောင်းကို လှန်ပစ်လိုက်ပါပြီ။ Mbappé ဟာ အကောင်းဆုံပုံစံပြန်ရရုံတင်မကဘူး၊ ပြန်လည်မွေးဖွားလာသူလို့တောင် ထင်ရစေတယ်။
သူရွေ့လျားတဲ့ဟန်ကို ကြည့်ရင်သိနိုင်တယ် – ပိုပေါ့ပါးလာတယ်၊ ပိုတိုးတက်လာတယ်၊ ပိုပြီးဆုံးဖြတ်ချက်ချနိုင်လာတယ်။ Madrid ကထွက်ရှိတဲ့ သတင်းတွေအရ ကြံ့ခိုင်မှုအနေအထား တိုးတက်လာတယ်၊ ကိုယ်အလေးချိန် ကျဆင်းလာတယ်၊ အရင်လို ပြန်လည်ပြေးလာနိုင်တယ်လို့ဆိုတယ်။Madrid ရောက်ရောက်ချင်း ဖိအားတွေနဲ့ စဉ်းစားကစားလွန်းခဲ့ရာကနေ အခုအခါမှာတော့ ဗီဇအတိုင်း တုံ့ပြန်ကစားလာတယ်။ ဘောလုံးမပါဘဲ ပြေးဟန်တွေက ပိုရှင်းလားလာတယ်၊ သူရုန်းကန်မှုတွေက ပြိုင်ဘက်ခံစစ်သမားတွေကိုပိုပြီးပျက်စီးစေတယ်၊ ဂိုးသွင်းမှုတွေက ပိုပြီးသွေးအေးလာပါတယ်။
ညက ကစားခဲ့တဲ့ Real Sociedad နဲ့ ကစားခဲ့တဲ့ပွဲကို ကြည့်ပါ။ Madrid ဟာ ဒုတိယအပိုင်းမှာ ကစားသမား တစ်ယောက် ထွက်လိုက်ရတယ်၊ ဒါဟာ အင်အားအကြီးဆုံးအသင်းတွေကိုတောင် ဒုက္ခရောက်စေနိုင်တဲ့ အခြေအနေမျိုးပါ။ ဒါပေမယ့် Mbappé ကတော့ မဟုတ်ဘူး။ သူက အခွင့်အရေးကို အသုံးချခဲ့တယ်၊ ဂိုးတစ်ဂိုးသွင်းခဲ့တယ်၊ နောက်တစ်ဂိုးအတွက် ဖန်တီးပေးခဲ့တယ်၊ ပြီးတော့ Real Madrid ကို ၂-၁ ဂိုးနဲ့ အနိုင်ရအောင် သယ်ပိုးသွားခဲ့တယ်။ ဒါဟာ သူ့ရဲ့ပါရမီကို သတိရစေတာတင်မကဘူး – ဒါဟာ သူ့ရဲ့ ခေါင်းဆောင်မှုကို ပြသလိုက်တာပါပဲ။ ဒီအသင်းဟာ အခုတော့ သူ့အသင်းဖြစ်ပြီဆိုတဲ့ ကြေညာချက်တစ်ခုပါပဲ။
ဒါမှမဟုတ် ပြင်သစ်အသင်းနဲ့ သူကစားခဲ့တဲ့ ပွဲစဉ်တွေကိုလည်း ကြည့်ပါ။ Iceland နဲ့ ကမ္ဘာ့ဖလားအတွက် Qualifier ပွဲမှာ သူ့အသင်းက အနီကတ်ပြပြီး ဖိအားတွေအောက်ရောက်နေချိန်မှာ Mbappé ဟာ ပုန်းမနေခဲ့ဘူး။ အကောင်းဆုံဍအကူအညီပေးနိုင်ခဲ့တယ်။ ဒီလိုမျိုး ဂိုးအရေးကြီးနေချိန်၊ ကစားသမားလျော့နေချိန်မှာ သက်ရောက်မှုရှိနိုင်တာဟာ ကြယ်တာရာတွေနဲ့ ဒဏ္ဍာရီလာတွေကို ခွဲခြားပေးနိုင်တဲ့ အရာပါပဲ။
ဒီတော့ ဘာတွေက ပြောင်းလဲသွားတာလဲ။ အဖြေရဲ့ တစ်စိတ်တစ်ပိုင်းက Madrid မှာ Xabi Alonso ရဲ့ စနစ်ထဲမှာရှိတယ်။ Mbappé ကို ပုံသေနံပါတ် ၉ ရဲ့ နည်းစနစ်အတိုင်း ကန့်သတ်မထားဘဲ သူ့ကို လွတ်လပ်ခွင့်ပေးထားတယ် – တောင်ပံဘက်ကို လွတ်လွတ်လပ်လပ်ရွေ့လျားကစားခွင့်၊ Vinícius နဲ့ နေရာလဲကစားခွင့်၊ ကွင်းလယ်တန်းထဲဆင်းပြီး ဘောလုံးကိုယူကာ Line ကြားတွေကနေ ဖြတ်တင်ခွင့်တွေပေးထားတယ်။ ဒီအချက်တွေကြောင့် Mbappe ပိုပြီးခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဒုတိယအချက်က စိတ်ပိုင်းဆိုင်ရာပါ။ မနှစ်က သူခံစားခဲ့ရတဲ့ ဝေဖန်မှုတွေကို သူ့ချိုးဖျက်နိုင်ခဲ့တယ်။
။အခုသူ့ကိုကြည့်ရင် ပိုမြန်တယ်၊ ပိုသန်လာတယ်ဆိုတာထက် ပိုစိတ်ချမ်းသာတယ်၊ ပိုယုံကြည်မှုရှိတယ်လို့ မြင်ရတယ်။ သူဟာ အံသြဖွယ်ကောင်းတဲ့ ကလေးအဖြစ် မြင်ရတော့တာမဟုတ်ဘူး၊ မျိုးဆက်တစ်ခုရဲ့ ခေါင်းဆောင်အဖြစ် ပါမြင်ရတယ်။ပြီးတော့ သူ့ကို အကောင်းဆုံးပုံစံရအောင် ထောက်ပံပေးဖို့ ကစားသမားတွေလည်းရှိလာတယ်။ Arda Güler, Rodrygo, Vinícius တို့ရဲ့ ရွေ့လျားမှုတွေက Mbappé ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေကို ဖန်တီးပေးတယ်။ Bellingham နဲ့ Valverde လို အလယ်တန်းတွေက သူ့ကို မရပ်မနား ဘောလုံးပေးတယ်။ ဒါဟာ သူ့ရဲ့အားသာချက်တွေကို ကစားပေးတဲ့ ဖွဲ့စည်းပုံတစ်ခုဖြစ်သလို၊ သူကိုယ်တိုင်လည်း ပြန်ပြီးအကျိုးပြုနိုင်တဲ့ နေရာတစ်ခုပါပဲ။ သူဟာ အခုတော့ ဂိုးသွင်းသူတစ်ဦးတင်မကတော့ဘူး၊ ဖန်တီးသူတစ်ဦး၊ ဖိအားပေးသူတစ်ဦး၊ လက်မောင်းပေါ်မှာ ကပ္ပတိန်တံဆိပ်မရှိရင်တောင် စိတ်ဓာတ်ရဲ့ ကပ္ပတိန်တစ်ဦးပါပဲ။
တကယ်တော့ မေးခွန်းတွေက ရှိနေဆဲပါပဲ။ ရာသီရှည်မှာ ဒီပုံစံကို ဆက်ထိန်းထားနိုင်မလား။ Champions League ရှုံးထွက်အဆင့်ပွဲတွေမှာ၊ El Clásico ပွဲတွေမှာ၊ Real Madrid က ကြီးမြတ်မှုကို တိုင်းတာတဲ့ အဓိကအချိန်တွေမှာ သူခြေစွမ်းပြနိုင်မလား။ သူ့ကိုယ်ပိုင်ထူးချွန်မှုနဲ့ သူ့ပတ်ဝန်းကျင်ကို မြှင့်တင်ဖို့လိုအပ်ချက်ကို ဟန်ချက်ညီအောင် ထားနိုင်မလား။ ဒါတွေဟာ ရှေ့မှာရှိနေမယ့် စိန်ခေါ်မှုတွေပါပဲ။ဒါပေမယ့် အခုချိန်မှာတော့ ကျွန်တော်တို့မြင်နေရတာက Kylian Mbappé ဟာ ဘာကြောင့် အမြဲတမ်းကွဲပြားနေတယ်ဆိုတာကို သတိရစေတဲ့အရာပါပဲ။ ဘာကြောင့် ခံစစ်သမားတွေက သူ့ကိုကြောက်ရွံ့ရတယ်၊ ဘာကြောင့် ကလေးတွေက သူ့နာမည်ပါတဲ့ အင်္ကျီတွေဝတ်ကြတယ်၊ ဘာကြောင့် ပြင်သစ်နဲ့ Madrid က သူ့အပေါ်မှာ မျှော်လင့်ချက်တွေထားကြတယ်ဆိုတာကိုပေါ့။ သူဟာ ဂိုးတွေပြန်သွင်းနေတာတင်မကဘူး – ပွဲတွေကို ပုံဖော်နေတယ်၊ ရလဒ်တွေကို ညွှန်ကြားနေတယ်၊ ဖိအားတွေကို သူ့စိတ်ဆန္ဒအတိုင်း လျော့ချနေတယ်။ ဒါဟာ ဥရောပကို သတိပေးချက်တစ်ခုပါပဲ။ Kylian Mbappé ပြန်ရောက်လာပြီဆိုတဲ့အကြောင်းပြောကြားရင်းး။