ဥရောပ ဘောလုံးကမ္ဘာကြီးဟာ နောက်ထပ် လမ်းဆုံလမ်းခွတစ်ခုကို ထပ်မံရင်ဆိုင်နေရပါတယ်။ ၂၀၂၁ ခုနှစ်က ဥရောပ စူပါလိဂ် (European Super League) ပလန်ပြိုကွဲသွားခဲ့တဲ့အချိန်ကတည်းက ဒီလို စိန်ခေါ်မှုကြီးကို မကြုံတွေ့ခဲ့ရဘူးလို့ ဆိုရမှာပါ။ ဒီကိစ္စဟာ ရိုးရာဓလေ့တွေကို ခြိမ်းခြောက်နေသလို၊ ဘဏ္ဍာရေးအရ လိုအပ်ချက်များနေတဲ့ ဘောလုံးအသင်းအတွက်ကတော့ စိတ်ဝင်စားစရာ ကောင်းနေပြန်ပါတယ်။
ဒီတခါ စစ်မြေပြင်ဖြစ်လာတာက လိဂ်အသစ်တစ်ခုအနေနဲ့ ခွဲထွက်ရေးလှုပ်ရှားမှု မဟုတ်တော့ပါဘူး။ ရိုးရှင်းပေမယ့် ထိပါးလွယ်တဲ့ အိုင်ဒီယာ၊ ပုံမှန်လိဂ်ပွဲစဉ်တွေကို နိုင်ငံခြားမှာ ကျင်းပဖို့ဆိုတဲ့ အကြံပဲဖြစ်ပါတယ်။ စပိန်လိဂ် (La Liga) က ဒီဇင်ဘာလမှာ ဘာစီလိုနာ (Barcelona) နဲ့ Villarreal (ဗီလာရီးရဲ) တို့ရဲ့ပွဲကို အမေရိကန်ပြည်ထောင်စု၊ မီယာမီ (Miami) မြို့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ အီတလီဆီရီအေ (Serie A) ကတော့ ပိုပြီးတောင် ရဲတင်းစွာ လုပ်ဆောင်လျက်ရှိပြီး အေစီ မီလန် (AC Milan) နဲ့ Como (ကိုမို) တို့ပွဲကြီးကို ဩစတြေးလီးယားနိုင်ငံ၊ ပါ့သ် (Perth) မြို့မှာ ကျင်းပဖို့ ချိန်းဆိုထားပါတယ်။
ဒီလှုပ်ရှားမှုတွေရဲ့ နောက်ကွယ်က လိဂ်တွေအတွက်တော့ အကြောင်းတရားကရိုးရှင်းပါတယ်။ ပရီးမီးယားလိဂ် (Premier League) ဟာ ကမ္ဘာလုံးဆိုင်ရာ အင်းအားကြီး လိဂ်တစ်ခုအဖြစ် အနှစ် ၂၀ အတွင်းတည်ဆောက်နိုင်ခဲ့ပါတယ်။ နိုင်ငံခြား ရုပ်သံအခွင့်အရေးတွေကနေ ဘီလီယံပေါင်းများစွာ ဝင်ငွေရရှိခဲ့ကာ ကမ္ဘာ့နေရာတိုင်းလိုလိုမှာ ပရီးမီးယားလိဂ် အမှတ်တံဆိပ်ကို စျေးကွက်တင်နိုင်ခဲ့ပါတယ်။ အင်္ဂလန်ကလပ်တွေဟာ ဒီနွေရာသီတစ်ခုတည်းမှာပဲ ယူရို ၃.၅ ဘီလီယံ (€3.5 billion) ကို အပြောင်းရွှေ့ (transfers) အတွက် သုံးစွဲခဲ့ကြပါတယ်—ဒီပမာဏဟာ ဥရောပရှိ ထိပ်တန်းလိဂ်လေးခုပေါင်းရဲ့ သုံးစွဲမှုထက်တောင် ပိုများနေပါတယ်။ ဒီဘဏ္ဍာရေးဆိုင်ရာ ကွာဟမှုဟာ နှစ်စဉ်ပိုမိုကျယ်ပြန့်လာနေပြီး လာလီဂါနဲ့ စီးရီးအေတို့က ပရီးမီးယာလိဂ်ကို ယှဉ်ပြိုင်နိုင်ဖို့အတွက် လိုအပ်တယ်လို့ ယုံကြည်နေကြပါတယ်။ သက်ဆိုင်ရာ နိုင်ငံအပြင်ဘက်မှာ ပွဲတွေကျင်းပမယ်ဆိုရင် ပရိသတ်အသစ်တွေကို ဖမ်းစားရရှိမှာဖြစ်ပြီး အင်္ဂလန်နဲ့ရှိတဲ့ ကွာဟမှုကို လျှော့ချနိုင်မယ်လို့ ယုံကြည်နေကြတာလဲဖြစ်ပါတယ်။
ဒါပေမယ့် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေက ဆွဲဆောင်မှုရှိနေဟန်တူပေမယ့် ယဉ်ကျေးမှုနဲ့ အားကစားဆိုင်ရာ ကန့်ကွက်မှုတွေကတော့ အလွန်ပြင်းထန်နေပါတယ်။ ဥရောပအနှံ့က ပရိသတ်အဖွဲ့ပေါင်း ၄၀၀ ကျော်တို့က ဒီအစီအစဉ်ကို ရှုတ်ချတဲ့ ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ကြပြီး ဒီအဆိုကို “တည်ရှိမှုဆိုင်ရာ ခြိမ်းခြောက်မှု” (existential threat) နဲ့ “ဘောလုံးရဲ့ အနှစ်သာရကို တိုက်ရိုက်တိုက်ခိုက်မှု” (a direct attack on the essence of football) လို့ ခေါ်ဆိုခဲ့ကြပါတယ်။ ၎င်းတို့က ဒီအရာကို မအောင်မြင်ခဲ့တဲ့ စူပါလိဂ်နဲ့ တိုက်ရိုက်နှိုင်းယှဉ်ပြီး ပန်ဒိုရာအရုပ်သေတ္တာ (Pandora’s box) ဖွင့်မိပြီးရင် နောက်ပြန်လှည့်လို့ရမှာ မဟုတ်ကြောင်းလည်း သတိပေးခဲ့ကြပါတယ်။
ဒီဝေဖန်မှုတွေကို ပရိသတ်တွေထံကသာ ရရှိခဲ့တာမဟုတ်ပါဘူး။ ကမ္ဘာ့အချမ်းသာဆုံးကလပ်နဲ့ တစ်ချိန်က စူပါလိဂ်ရဲ့ အဓိကတွန်းအားပေးသူဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် (Real Madrid) ကပါ ဒီအိုင်ဒီယာကို ရှုတ်ချခဲ့ပါတယ်။ ပြင်းထန်တဲ့ကြေညာချက်တစ်ရပ်နဲ့ FIFA၊ UEFA နဲ့ စပိန်အမျိုးသားအားကစားကောင်စီတို့အား ဒီလှုပ်ရှားမှုကို တားဆီးဖို့ ပြောကြားခဲ့ပါတယ်။ ဒီလိုလုပ်မယ်ဆိုရင် စနစ်တစ်ခုလုံးကို ဖျက်သိမ်းတာပိုကောင်းလိမ့်မယ်လို့ ဆိုခဲ့ကြတာပါ။နိုင်ငံရေးသမားတွေကလည်း ဒီအငြင်းပွားမှုထဲကို ဝင်ရောက်လာကြပါတယ်။ ဥရောပကော်မရှင်၊ အားကစားဆိုင်ရာ Glenn Micallef (ဂလန် မီကာလက်ဖ်) က နိုင်ငံခြားကို ပွဲတွေရွှေ့ပြောင်းတာဟာ ဥရောပဘောလုံးရဲ့ အနှစ်သာရသဘောကို ပုန်ကန်တာဖြစ်ကြောင်း တိုက်ရိုက်ရေးသားခဲ့ပါတယ်။ “အားကောင်းပြီး လူမှုအသိုင်းအဝိုင်းကို အခြေခံတဲ့ ကလပ်တွေဟာ ဥရောပ အားကစားပုံစံရဲ့ နှလုံးသားတွေပဲဖြစ်ပါတယ်” လို့ ဆိုပါတယ်။ “ပြိုင်ပွဲတွေကို နိုင်ငံခြားကို ရွှေ့တာဟာ ဆန်းသစ်တီထွင်မှု (innovation) မဟုတ်ပါဘူး—ဒါဟာ သစ္စာဖောက်မှု (betrayal) ပါပဲ”။
စီးရီးအေ အရာရှိတွေကတော့ ဒေါသထွက်ပြီး တုံ့ပြန်ခဲ့ကြပါတယ်။ နိုင်ငံခြားတစ်နေရာမှာ ပွဲတစ်ပွဲကစားတာဟာ ရိုးရာ(Culture)စွန့်လွှတ်တာမဟုတ်ဘဲ အီတလီဘောလုံးကို ပရိသတ်အသစ်တွေဆီ မိတ်ဆက်ပေးတာဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။ လာလီဂါလိဂ် ဥက္ကဋ္ဌ Javier Tebas (ဟာဗီယာ တီဘတ်စ်) ကလည်း အလားတူသဘောထားကို ပြသခဲ့ပြီး ဒီကိစ္စကို လိုတာထက်ပိုပြီး အရေးကြီးအောင် လုပ်နေကြတယ်လို့ ငြင်းဆိုခဲ့ပါတယ်။ “၃၈ပွဲမှာ တစ်ပွဲအကြောင်း ပြောနေတာ” လို့ ပြောကာ ခြိမ်းခြောက်မှုကို သိသိသာသာ ချပြခဲ့ပါတယ်။
ဒါပေမယ့် UEFA ဥက္ကဋ္ဌ Aleksander Čeferin (အလက်ဇန်ဒါ ဆီဖာရင်) ကတော့ အဆင်မပြေဖြစ်မှုကို ထုတ်ဖော်ပြောဆိုပြီးဖြစ်ပါတယ်။ ဒီအိုင်ဒီယာအပေါ် သူဟာ “မပျော်ရွှင်ဘူး” ဆိုတာကို ဝန်ခံခဲ့သော်လည်း ဝင်ရောက်စွက်ဖက်ဖို့ UEFA ရဲ့ တရားဝင်အာဏာဟာ ကန့်သတ်ချက်ရှိကြောင်းကိုလည်း သူက ဝန်ခံခဲ့ပါတယ်။ အဆုံးစွန်အားဖြင့် ခွင့်ပြုချက်ပေးဖို့ဆိုတာက မြောက်အမေရိကနဲ့ ကာရီဘီယံဒေသမှာ ဘောလုံးကို အုပ်ချုပ်တဲ့ FIFA၊ US Soccer နဲ့ CONCACAF (ကွန်ကာကပ်) တို့ရဲ့ လက်ထဲမှာရှိနေပါတယ်။
နည်းလမ်းပေါင်းများစွာနဲ့ သုံးသပ်ရမယ်ဆိုရင်ဒါဟာ ကမ္ဘာလုံးဆိုင်ရာ(globalization) က ဘောလုံးအားကစားကို ပြန်လည်ပုံဖော်ခွင့်ပြုဖို့ ဘောလုံးအုပ်ချုပ်ရေးအဖွဲ့အစည်းတွေ ဘယ်လောက်ထိ ဆန္ဒရှိသလဲဆိုတာကို စမ်းသပ်ချက်တစ်ခုပဲ ဖြစ်ပါတယ်။ အခြားအားကစားတွေကတော့ ဒီနည်းဗျူဟာကို လက်ခံကျင့်သုံးပြီးဖြစ်ပါတယ်။ NFL (အမေရိကန်ဘောလုံး) ဟာ ကမ္ဘာလုံးဆိုင်ရာပရိသတ်တည်ဆောက်ဖို့ ရေရှည်အစီအစဉ်ရဲ့ အစိတ်အပိုင်းအဖြစ် ဒီနှစ်အတွင်းမှာ ဘရာဇီး၊ လန်ဒန်၊ ဘာလင်၊ ဒပ်ဘလင်နဲ့ မက်ဒရစ်တို့မှာ ပွဲတွေကျင်းပလျက်ရှိပါတယ်။ NBA (အမေရိကန်ဘက်စကတ်ဘော) ကလည်း ၎င်းရဲ့ ရာသီပုံမှန်ပွဲစဉ်တွေကို လန်ဒန်နဲ့ ဘာလင်သို့ ယူဆောင်လာဖို့ ကတိပြုထားပါတယ်။ ဘောလုံးအတွင်းမှာတောင်မှ အီတလီနဲ့ စပိန် စူပါဖလားပွဲတွေကို ဆော်ဒီအာရေဗျ၊ ကာတာ၊ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ ကျင်းပခဲ့ကြပါတယ်။
ဒါပေမယ့် အလွန်အရေးကြီးတဲ့ ကွာခြားချက်တစ်ခုရှိနေပါတယ်။ စူပါဖလားပွဲတွေကို Special ပွဲတွေအဖြစ် လျစ်လျူရှုထားလို့ရပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ လိဂ်ပွဲစဉ်တစ်ခုဟာ အဓိပ္ပာယ်ရှိပါတယ်။ ပိုအရေးပါပါတယ်။ အဆင့်ဇယား (league table)၊ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်မှု၊ တန်းဆင်းရမှာကို ယှဉ်ပြိုင်တဲ့ အသင်းတွေရဲ့ တိုက်ပွဲတွေ (relegation battles) နဲ့ ဥရောပပြိုင်ပွဲတွေဝင်ခွင့် (European qualification) ကိုပါ သက်ရောက်မှုရှိစေပါတယ်။ ပရိသတ်တွေအတွက်ကတော့ ဒီပွဲတွေကို နိုင်ငံခြားကိုရွှေ့ဆိုင်းတာဟာ ဘောလုံးကို မူရင်းလူမှုအသိုင်းအဝိုင်းတွေကနေ နုတ်ထုတ်ပြီး အမြင့်ဆုံးကမ်းလှမ်းသူကို ရောင်းစားလိုက်တာမျိုး ခံစားရစေပါတယ်။
ပရီးမီးယားလိဂ် ဟာ ကမ္ဘာလုံးဆိုင်ရာ အင်အားကြီးလိဂ်တစ်ခုဖြစ်နေပေမယ့် ဒီစစ်ပွဲထဲကို မဝင်ရောက်ဖို့ကိုတော့ ရွေးချယ်ထားပါတယ်။ အမှုဆောင်အရာရှိချုပ် Richard Masters (ရီချတ် မာစတာစ်) က ပြီးခဲ့တဲ့လက ရှင်းရှင်းလင်းလင်းပြောဆိုခဲ့ပါတယ်- ယူကေပြင်ပမှာ လိဂ်ပွဲကစားဖို့ဆိုတဲ့ အိုင်ဒီယာဟာ “ကျွန်တော်တို့ရဲ့ ဆွေးနွေးစားပွဲမှာ မပါဝင်ပါဘူး” တဲ့။ ဒါဟာ ပရီးမီးယားလိဂ်ရဲ့ ပုံရိပ်ကို ပိုမိုအားကောင်းစေခဲ့ပါတယ်။ အမြစ်နုတ်ပစ်စရာမလိုဘဲနဲ့ကို ကမ္ဘာလုံးဆိုင်ရာ စိတ်ဝင်စားမှုကို ရယူနိုင်တဲ့ ပြိုင်ပွဲတစ်ခုဆိုတဲ့ ပုံရိပ်ပါပဲ။
အထက်ပါအကြောင်းရာတွေကို တကယ်လို့ FIFA က ခွင့်ပြုချက်ပေးခဲ့မယ်ဆိုရင် ဘာစီလိုနာဟာ မီယာမီမှာ ပွဲထွက်ကစားနိုင်မှာဖြစ်သလို၊ အေစီမီလန် ကလည်း ပါ့သ်မှာ ကစားနိုင်မှာဖြစ်ပြီး စံနမူနာ တစ်ခုကို ချမှတ်ပြီးသားဖြစ်သွားမှာပါ။ ၃၈ ပွဲမှာ တစ်ပွဲအနေနဲ့ စခဲ့တဲ့အရာဟာ တစ်နေ့မှာတော့ ပိုမိုများပြားလာနိုင်ပါတယ်။ ဥရောပအနှံ့က ဘောလုံးပရိသတ်တွေအတွက်ကတော့ ဘောလုံးကို ထူးခြားစေတဲ့ အရာ— ဒေသဆိုင်ရာ စိတ်အားထက်သန်မှု၊ လူမှုအသိုင်းအဝိုင်းရဲ့ နှလုံးသား— တွေ ထာဝရ ဆုံးရှုံးသွားနိုင်မှာကို စိုးရိမ်နေကြရပါတော့တယ်။