ဘောလုံးဆိုတာ ဘယ်တော့မှ ရပ်တန့်နေတတ်တဲ့ အားကစားမဟုတ်ပါဘူး။ မြေပြင်ပေါ်မှာသာမက ဒီအားကစားကို ပုံဖော်နေကြတဲ့ မန်နေဂျာတွေရဲ့ စိတ်ကူးတွေထဲမှာပါ အဆက်မပြတ် ရွေ့လျားပြောင်းလဲနေတတ်တဲ့ ကစားနည်းတစ်ခုပါ။ ရာသီတိုင်းမှာ စနစ်ဟောင်း ခေတ်ကုန်ပြီး နည်းနာအသစ်တွေ ပေါ်ထွန်းလာတာမျိုးနဲ့ ကစားပုံအသစ်တွေ ဖန်တီးရဲတဲ့ သတ္တိရှိတဲ့ နည်းပြဆရာတွေကို ကျွန်တော်တို့ တွေ့ရလေ့ရှိပါတယ်။ဒီနှစ်မှာတော့ တော်လှန်ပြောင်းလဲမှုက ပြင်းထန်လွန်းသလို ခံစားရတဲ့ အကြောင်းတွေရှိပါတယ်။Anfield မှာ Liverpool ဟာ စာမျက်နှာသစ်တစ်ခုကို စတင်နေပါပြီ။ Jürgen Klopp က ပရိတ်သတ်တွေကို စိတ်လှုပ်ရှားစေတဲ့ စွမ်းအင်အပြည့်နဲ့ ဧကရာဇ်စနစ်တစ်ခုကို တည်ဆောက်ပြခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ Arne Slot က အဲဒီစွမ်းအင်စုစည်းမှုကို ယူပြီး စနစ်ကျတဲ့ ပုံစံနဲ့ အသစ်ပြန်လည်ရေးဆွဲနေပါပြီ။ အရင်က စွမ်းအင်ပြည့်နဲ့ ချေမှုန်းကန်ချက် ပုံစံအစား အခု Liverpool ကို ကြည့်ရင် သံစုံတီးဝိုင်းတစ်ခုလိုပါပဲ။ သူတို့ကို အနီးကပ်ကြည့်ရင် အသစ်အဆန်းတစ်ခုကို သတိထားမိမှာပါ။ နောက်တန်းက ကစားသမားတွေ အလယ်တန်းထဲဝင်ကန်တာ၊ အလယ်တန်းသမားတွေ တောင်ပံကို ရွေ့ကန်တာ၊ ရှေ့တန်းသမားတွေ အပြန်အလှန် နေရာပြောင်းကစားကြတာမျိုးပေါ့။ Slot ရဲ့ Liverpool ဟာ ပိုပြေးဖို့ အဓိကမဟုတ်တော့ပဲ ပိုပြီးတော့ ဉာဏ်သုံးပြီး ကစားဖို့ကို အဓိကထားလာတာကိုလည်း တွေ့နိုင်မှာပါ။မြောက်ပိုင်း လန်ဒန်မှာတော့ Thomas Frank က Spurs အသင်းကို တိတ်တဆိတ် ပြောင်းလဲနေပါပြီ။ Tottenham ရဲ့ ကိုယ်ပိုင်လက္ခဏာက နှစ်ပေါင်းများစွာ ရှုပ်ထွေးနေခဲ့တယ်လို့ ပြောရမယ်။ Frank ကတော့ ဒီအရာကို ရိုးရှင်းအောင် လုပ်လိုက်တယ်။ သူ့အသင်းက ခံစစ်ပိုင်းမှာလည်း သိုသိုသိပ်နဲ့ကစားပြီး အေးဆေးတည်ငြိမ်စွာနဲ့ နောက်ကနေ သေချာကန်ကြတယ်။ သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ စပါးရဲ့ အောင်မြင်မှုဇာတ်လမ်းကို ပိုကြီးမားတဲ့ ပန်းချီကားချပ်ပေါ်မှာ မြင်တွေ့နေရပါပြီ။ Spurs ပရိတ်သတ်တွေအတွက်ကတော့ ဒါဟာ နည်းစမစစ်အသစ်တစ်ခုရဲ့ အစပဲဖြစ်ပါတယ်။
စပိန်ဘက်မှာလည်း Barcelona ရဲ့ Hansi Flick ဟာ ဥရောပရဲ့ အထက်မြက်ဆုံး နည်းပြတွေထဲက တစ်ယောက်ဆိုတာကို သက်သေပြနေပါတယ်။ Xavi ခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ တစ်ခါတစ်လေ ခန့်မှန်းလို့ရတဲ့ passing ကစားနည်းကတော့ ပျောက်ကွယ်သွားပါပြီ။ Flick ရဲ့ Barça ကတော့ ဒေါင်လိုက်၊ မြန်မြန် စသဖြင့်…သေချာတိကျမှုနဲ့ ကစားတယ်။ သူ့စနစ်က ပိုင်ဆိုင်မှု (possession) အတွက် ဆိုတာထက် သင့်တော်တဲ့အချိန်မှာ ပြိုင်ဘက်ကို ထိခိုက်အောင်လုပ်ဖို့ကို ပိုဦးစားပေးတယ်။ Real Oviedo ကို အနိုင်ရခဲ့တဲ့ပွဲ၊ Barça က တွက်ချက်ထားတဲ့ ပုံစံ ပွဲစဉ်ကို ပြန်လည်နှိုးဆွခဲ့တဲ့ပွဲမျိုးတွေဟာ Flick ရဲ့ ဂျာမန်ပုံစံ စနစ်ကျမှုကို ဖန်တီးနိုင်စွမ်းနဲ့ပေါင်းစပ်ခဲ့တယ်ဆိုတဲ့ နမူနာတစ်ခုပဲဖြစ်ပါတယ်။Manchester မှာတော့ နည်းစနစ်တိုင်းကို တီထွင်ခဲ့တယ်လို့ ထင်ရတဲ့ Pep Guardiola ကိုယ်တိုင်တောင် ရပ်တန့်မနေပါဘူး။ ဒီရာသီမှာ Pep ဟာ အလယ်တန်းသမားတွေလို ကစားတဲ့ ခံစစ်သမားတွေ၊ တိုက်စစ်မှူးတွေလို ကစားနိုင်တဲ့ တောင်ပံတွေနဲ့ စမ်းသပ်ကစားတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ ဆင့်ကဲပြောင်းလဲမှုဟာ ရှင်သန်မှုလို့ ယုံကြည်တဲ့ Pep ကတော့ ထပ်မံကာ အရှိန်မြှင့်တင်လိုက်ပြန်ပါပြီ။ဒီမှာ ပိုကြီးတဲ့ဇာတ်လမ်းက ကလပ်တစ်ခု (သို့) နည်းပြတစ်ယောက်တည်းအကြောင်း မဟုတ်ပဲ ဘောလုံးအားကစားကိုယ်၌ကကို ဘယ်လိုပြောင်းလဲနေသလဲဆိုတဲ့ အကြောင်းပါ။ ချေမှုန်းကန်ရုံနဲ့ လုံလောက်တဲ့ ခေတ်ကုန်သွားခဲ့ပါပြီ။ အခုဆိုရင်… ကစားနှုန်းကို ထိန်းချုပ်တဲ့ပုံစံကို ပြောင်းလဲတာမျိုး နဲ့ ကစားသမားတိုင်းကို လုပ်ဆောင်ချက် ပေါင်းစုံလုပ်နိုင်အောင် ပြင်ဆင်သင့်တဲ့အကြောင်းတွေ ပါလာပါပြီ။ ခေတ်သစ် ဘောလုံးသမားတွေဟာ ရှေ့တန်း၊ အလယ်တန်း၊ ခံစစ်သမားတွေသက်သက် မဟုတ်ကြတော့ပဲ ကစားနည်းပေါင်းစုံ ကစားနိုင်သူတွေပါ။ ခေတ်သစ် နည်းပြဆရာတွေကတော့ ထိန်းချုပ်ထားတဲ့ ရှုပ်ထွေးမှုရဲ့ ဗိသုကာပညာရှင်တွေပါပဲ။
နောက်ပြီး ဒီရာသီကို စိတ်လှုပ်ရှားစရာကောင်းစေတဲ့ အချက်က ဒီတော်လှန်ပြောင်းလဲမှုတွေ အားလုံး တစ်ချိန်တည်းမှာ ဖြစ်နေတာပါပဲ။ Slot ရဲ့ နေရာချထားမှုဆိုင်ရာ စည်းကမ်း၊ Frank ရဲ့ ဖွဲ့စည်းပုံဆိုင်ရာ လက်တွေ့သဘော… Flick ရဲ့ ဒေါင်လိုက်ပုံစံ တိကျမှု…(Vertical Playing ) Guardiola ရဲ့ ပြန်လည်တီထွင်မှု တို့ပါ၊ နည်းပြ လေးဦး၊ ဒဿနအမြင်လေးမျိုးဖြစ်နေပေမဲ့ တူညီတဲ့ အဓိက အချက်တစ်ခုကတော့ ဒီဘောလုံးအားကစားဟာ ရှေ့ဆက်တိုးတက်နေတာပါပဲ။ပရိတ်သတ်တွေကလည်း အခုဆို ပွဲစဉ်တွေကို ကြည့်ရုံသက်သက်သာမက စစ်တုရင်ကစားပွဲတွေလို ဖြန့်ကျက်တဲ့ စနစ်တွေကိုပါ ကြည့်ရှုနေကြပါတယ်။ အစားထိုးမှုတိုင်း… နေရာပြောင်းလဲမှုတိုင်း… နောက်တန်းကနေ အလယ်ထဲဝင်ကန်တဲ့ ကစားသမားတိုင်းဟာ ပရိသတ်တွေ အတွက် ဆွေးနွေးစရာဖြစ်နေပါတယ်။ ဒါကြောင့်မို့ ဒီနည်းနာပိုင်း တော်လှန်ပြောင်းလဲမှုတွေက အရေးကြီးတာပါ။ ဘာကြောင့်လဲဆိုတော့… ဒါတွေက ကျွန်ုပ်တို့ ဘောလုံးပွဲစဥ်တွေ ကြည့်ရတဲ့ ပုံစံကိုပါ ပြောင်းလဲစေလို့ပါပဲ။ဒါကြောင့် ဒီရာသီတဖြည်းဖြည်း အရှိန်မြင့်လာတဲ့အခါ… ဒီစီမံကိန်းတွေကို မပြတ်စောင့်ကြည့်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် နောက်ငါးနှစ်၊ ဆယ်နှစ်ကြာတဲ့အခါ ဒီ ၂၀၂၅ ခုနှစ်ဟာ ဘောလုံးအားကစားကို နောက်တစ်ကြိမ် ပြောင်းလဲသွားစေတဲ့နှစ်ပဲလို့ ကျွန်တော်တို့ ပြန်ပြောကြဖို့ ဖြစ်နိုင်လို့ပါပဲ။နည်းစနစ်ပိုင်း တော်လှန်ပြောင်းလဲမှုဆိုတာ လာဦးမယ်ဆိုတာမျိုး မဟုတ်တော့ပါဘူး။ဒီနေရာမှာကို ရောက်ရှိနေပြီးသားပါ….။