ဘောလုံးကစားခြင်းမှာ ဒဏ်ရာတွေဟာ ကစားပွဲရဲ့တစ်စိတ်တစ်ပိုင်းပါပဲ။ ဘောလုံးကစားခြင်းမှလဲမဟုတ်ပါဘူး။ အားကစားတိုင်းလိုလိုပါပဲ။ ပေါင်ကြွက်သားပျက်စီးခြင်း၊ ခြေကျင်းဝတ် လိမ်ခြင်း၊ အရိုးကျိုးခြင်းတွေဖြစ်နိုင်ပါတယ်။ နာကျင်စေတယ်ဆိုပေမယ့် အများစုပြန်နာလန်ထူနိုင်ကြတယ်။ သိုသော် တစ်ခုတည်းသောဒဏ်ရာဟာ အခြားဒဏ်ရာအားလုံးထက်ပိုလေးလံတဲ့ ခြိမ်းခြောက်မှုတစ်ခုအဖြစ်ရှိနေတတ်ပါတယ်။ အလွန်ကြောက်ရွံဖွယ်ကောင်းလွန်းတာကြောင့် ကစားသမားတွေ၊ နည်းပြတွေ၊ ပရိသတ်တွေက ဘောလုံးရဲ့ မိစ္ဆာကောင်လိုတောင် သမုတ်ကြတဲ့ဒဏ်ရာပါ။ အဲဒါကတော့ ACL ဒဏ်ရာပဲဖြစ်ပါတယ်။
ဒါဆို ACL ဆိုတာဘာလဲ။ အပြည့်အစုံက Anterior Cruciate Ligament ပါ။ ဒူးခေါင်းရဲ့ အလယ်ဗဟိုမှာဖြတ်သန်းသွားတဲ့ တစ်ရှူးပြားမာ တစ်ခုဖြစ်ပြီး ပေါင်ရိုးကိုခြေသလုံးရိုးနဲ့ဆက်ထားပေးတယ်။ သင့်ရဲ့ဒူးကို ပြေးလွှားတိုင်း၊ ခန္ဓာကိုယ်လှည့်တိုင်း၊ ဦးတည်ရာပြောင်းတိုင်း တည်ငြိမ်မှုပေးတဲ့ကျောက်ဆူးတစ်ခုလို မှတ်ယူနိုင်တယ်။ ဘောလုံးမှာဆို ကစားသမားတွေဟာ မိနစ်တိုင်း လှည့်ကွေ့ ရွေ့လျားနေရတယ်။ ACL မရှိရင် ဒူးဟာ မတည်မငြိမ်ဖြစ်သွားပြီး ထိပ်တန်းအားကစားရဲ့ တောင်းဆိုမှုတွေကို မခံနိုင်တော့ပါဘူး။
ဒါဘယ်လိုဖြစ်တတ်လဲ။ ACL စုတ်ပြဲခြင်းရဲ့ ကြမ်းတမ်းတဲ့အချက်က ရုတ်တရက်လုံးဝမတ်တပ်မရပ်နိုင်ပဲ ပစ်လဲသွားတာပါ။ တိုက်စစ်မှူးတစ်ယောက် ပြေးဖိုမြေပြင်စောင့်ပြီးတွန်းအားပေးလိုက်တဲ့အချိန်၊ တောင်ပံတိုက်စစ်တစ်ယောက် cut insideဝင်တဲ့အချိန်၊ ခံစစ်ကစားသမားတစ်ယောက် ခေါင်းခုန်တိုက်တဲ့အချိန်… ရုတ်တရက် ဒူးက ကျိုးသွားတတ်တယ်။ တစ်ခါတစ်ရံတိုက်မိတာကြောင့်၊ တစ်ခါတစ်ရံ ဘာကြောင့်မှန်းမသိဘဲ အကြောင်းပြချက်မရှိပဲလဲဖြစ်တတ်တယ်။ ဒါပေမယ့် ဖြစ်သွားတဲ့အချိန်မှာတော့ ခံစားရတဲ့ ကစားသမားကိုယ်တိုင်လုံးဝမထနိုင်တော့ဘူး။ အများက “လက်ဆစ်၊ခြေဆစ်၊ ဇက်ချိုးရင်ကြားရတဲ့ အသံထက်ကျယ်တဲ့ အသံမျိုးကြားရတယ်လို ဖော်ပြကြပြီး၊ ချက်ချင်း နာကျင်မှုနဲ့အတူလဲကျသွားတတ်ကြတယ်။ အဲဒီတစ်စက္ကန့်အတွင်းမှာပဲ ဘောလုံးရာသီတစ်ခုလုံး ဆုံးရှုးသွားနိုင်တယ်။
ဘာကြောင့် ဒီဒဏ်ရာက အခြားဟာတွေထက် ပိုပြီးကြောက်စရာကောင်းရတာလဲ။ ပထမအကြောင်းရင်းက ပြန်လည်ကောင်းမွန်ဖို အချိန်ကြာတာပါ။ ACL စုတ်ပြဲခြင်းဟာ ခွဲစိတ်ကုသမှုလိုအပ်တတ်တယ်။ ခွဲစိတ်ပြီးရင် လေ့ကျင့်ခန်းပြုလုပ်ရတဲ့ ပင်ပန်းစရာ ကာလကိုဖြတ်သန်းရပါတယ်။ ပုံမှန်အားဖြင့် ခြောက်လမှ တစ်နှစ်အထိကြာတတ်တယ်။ ဆိုလိုတာကပြိုင်ပွဲတစ်ခုလုံးကို လွဲချော်သွားနိုင်တယ်။ အားကောင်းနေတဲ့ အရွယ်ကောင်းကစားသမားတစ်ယောက်အတွက်ဆို ဒါဟာကြီးမားတဲ့ ဆုံးရှုးမှုတစ်ရပ်ပါပဲ။
ခုလောလောလတ်လတ်ဖြစ်သွားတဲ့ လီဗာပူးခံစစ်ကစားသမား Leoni ဟာ Southampton နဲ့ Carabao Cup ပွဲမှာ Liverpool အတွက် ပထမဆုံးအကြိမ်ကစားခဲ့တယ်။ ဒါပေမယ့် ၈၁ မိနစ်မှာ ဘေးလွန်ဘောအတွက်ပြိုင်ဘက်ကစားသမားနဲ့ ဘောလုံးယှဉ်လုရင်းဒဏ်ရာရခဲ့တယ်။ ပြင်းထန်စွာနာကျင်နေပုံရပြီး လူနာတင်လှည်းနဲ့ သယ်ဆောင်သွားခံရတယ်။ ကလပ်နဲ့ ပရိသတ်တွေ စိုးရိမ်ပူပန်သွားကြတယ်။ ဒဏ်ရာရဲ့ သဘောသဘာဝ၊ သူ့ရဲ့တုံပြန်မှုပုံစံအားလုံးက ဒဏ်ရာဟာပြင်းထန်တယ်ဆိုတဲ့ အချက်ပြနေတယ်။ Leoni ရဲ့ ACL ဟာ တကယ်ပဲ စုတ်ပြဲသွားလားဆိုတာ စစ်ဆေးဖို MRI အပါအဝင် ရောဂါရှာဖွေမှုတွေ ခံယူဖိုရှိတယ်လို သိရတယ်။ သတင်းထောက် ရိုမန်နိုကတော့ ACLဆိုတာအတည်ပြုထားပါတယ်။
သမိုင်းကလည်း နာကျင်ဖွယ်ရာ ဥပမာတွေကိုပေးထားတယ်။ ဘောလုံး ဂန္တဝင်ကစားသမား Ronaldo Nazário ဟာ သူ့ရဲ့ တန်ဖိုးရှိတဲ့သက်တမ်းတစ်ချိုကိုဆုံးရှုးစေခဲ့တဲ့ ACL ဒဏ်ရာတွေကိုခံစားခဲ့ရတယ်။ Virgil van Dijk ကိုယ်တိုင်လည်း ဒူးဒဏ်ရာနဲ့ ရာသီတစ်ခုလုံးနီးပါး ကစားခွင့်လွဲခဲ့ရတယ်။ Callum Hudson-Odoi နဲ့ Ansu Fati တို့လို လူငယ်ခြေတက်တွေဟာ ACL ဆိုင်ရာ စိန်ခေါ်မှုတွေကိုရင်ဆိုင်ခဲ့ကြရတယ်။ အခုဆို Leoni ဟာ အဲဒီစာရင်းထဲ ဝင်လာပြီ… သူမအောင်မြင်လိုမဟုတ်ဘူး။ ထိပ်တန်းအဆင့်မှာ ကစားရင် ရင်ဆိုင်ရမယ့်ကြမ်းတမ်းတဲ့အန္တရာယ်ရဲ့ ရလဒ်ကြောင့်ပါ။ ဒါဟာ အသက်အရွယ်၊ ကတိကဝတ်တွေကို ခွဲခြားမှုမရှိပါဘူး။ ကလပ်အသစ်ရဲ့ ကွင်းပေါ်ကို ခြေချလိုက်တဲ့ အချိန်မှာပဲ ဒဏ်ရာကသင့်ကို ဒုက္ခပေးနိုင်ပါတယ်။
အချိန်ကြာတာတင်မကပါဘူး။ ကစားသမားတစ်ယောက် ပြန်လာချိန်မှာ မူလအတိုင်းမဖြစ်နိုင်တော့တာမျိုးလည်း ရှိတတ်တယ်။ ACL ဟာ ယုံကြည်မှုနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်။ သူ့ကစားဟန်ကို ပေါက်ကွဲအားပေါ်မူတည်တဲ့ အမြန်နှုန်းပေါ် အခြေခံပြီး တည်ဆောက်ထားတဲ့ ကစားသမားတစ်ယောက်ဟာ သူရဲ့အပိုခြေလှမ်းကိုဆုံးရှုးသွားနိုင်တယ်။ ကွင်းလယ်ထဲက ရုတ်တရက် လှည့်ပတ်မှုတွေနဲ့အောင်မြင်တဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဟာ ဒူးကို ထပ်မလှည့်ရဲတော့ဘဲ သံသယဝင်နေတတ်တယ်။ ဘောလုံးကို ခန္ဓာကိုယ်နဲ့ကစားပေမယ့် စိတ်နဲ့လည်းကစားရတယ်… ACL ကတော့ နှစ်ခုလုံးကို လှုပ်ခတ်သွားစေတယ်။
ပြန်ဖြစ်နိုင်ခြေဟာလည်းကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုပါပဲ။ ကစားသမားတစ်ယောက် ACL စုတ်ပြဲဖူးရင် နောက်ထပ်စုတ်ပြဲနိုင်ခြေ (ဒါမှမဟုတ်) နောက်ဒူးတစ်ဖက်ကိုထိခိုက်နိုင်ခြေဟာ သိသိသာသာမြင့်တက်သွားတတ်တယ်။ သူတိုကို တစ်ချိန်လုံးလိုက်ကပ်နေတဲ့ သရဲတစ်ကောင်ဖြစ်သွားတတ်ပြီး၊ ပြေးတိုင်း၊ လှည့်တိုင်း “ထပ်ဖြစ်ရင်ကော” ဆိုတဲ့ မေးခွန်းကို ထုတ်နေတတ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ စစ်ပွဲဟာရုပ်ပိုင်းဆိုင်ရာထက်တောင် ပိုခက်ခဲနိုင်တယ်။ Giovanni Leoni လို အသက် ၁၈ နှစ်ပဲရှိသေးတဲ့ ကစားသမားကို စဉ်းစားကြည့်ပါ။ Liverpool ကို ပြောင်းပြီး ကြီးကျယ်တဲ့ခရီးကို စတင်တော့မယ့်အချိန်… ဒါပေမယ့် ပထမဆုံးပွဲမှာပဲ၊ ပျော်ရွှင်မှုကနေ နာကျင်မှုဆီကိုပြောင်းသွားတယ်။ ရုတ်တရက် အရာအားလုံးပြောင်းလဲသွားတယ်။ လေ့ကျင့်ခန်း ပြုလုပ်ရတဲ့ လတွေကြာမယ်။ မိတ်ဆွေကစားသမားတွေ၊ ပရိသတ်တွေ၊ ကလပ်ကို ကြည့်ရှုနေရတဲ့ဘဝရောက်သွားမယ်။ ပါဝင်ခွင့်မရှိတော့ဘူး။ သံသယတွေ။ ကြောက်ရွံမှုတွေ။ ငါအိပ်မက်မက်ခဲ့တဲ့ ကစားသမားအတိုင်း ပြန်ဖြစ်ပါ့မလား။ ဒါက ငါ့ကိုနောက်ပြန်ဆုတ်သွားစေမှာလား၊ စတဲ့အရာတွေကို ဖြေရှင်းရတော့မှာပါ။
ဒါကြောင့်မိုလို ခေတ်သစ်ဘောလုံးမှာ ACL ကာကွယ်ရေးကို ဘာကြောင့် အလွန်အလေးထားလုပ်ဆောင်ရတာပါ။ ကလပ်တွေဟာ ကစားသမားတွေရဲ့ ဝန်အားတွေကိုခြေရာခံကြတယ်၊ ဒူးနားက ကြွက်သားတွေ သန်မာအောင် ခေတ်မီလေ့ကျင့်ခန်းတွေ လေ့ကျင့်ခိုင်းကြတယ်၊ ဒူးကိုဖိစီးမှုလျှော့ချဖို လေ့ကျင့်ခန်းကွင်းသီးသန့်လုပ်ဆောင်လာကြပါတယ်။
ဒါကြောင့် ကစားသမားတစ်ယောက်ဒူးကိုကိုင်ပြီးလဲကျတာ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက လူနာတင်လှည်းခေါ်တာကို သင်မြင်ရင်၊ ကြောက်ရွံမှုဟာ အားကစားကွင်းထဲတင်မကဘဲ၊ ကြည့်ရှုနေတဲ့ လူတိုင်းရဲ့ နှလုံးသားထဲမှာပါ ရှိနေတတ်တယ်။ACL ဆိုတာ တစ်ရှူးစ စင်တီမီတာဂဏန်းလောက်သာ ရှိပြီး၊ မျက်စိနဲ့မမြင်နိုင်ပဲ ဒူးခေါင်းအတွင်းမှာပုန်းကွယ်နေတယ်။ ဒါပေမယ့် ဘောလုံးမှာတော့ကြောက်စရာအကောင်းဆုံး ဒဏ်ရာပါပဲ။ ဒါကြောင့်မိုလို ဒါကိုမိစ္ဆာကောင်ဒဏ်ရာလိုခေါ်ကြတာပါ။ သက်တမ်းတိုင်းကို အဆုံးသတ်သွားစေလိုမဟုတ်ဘဲ၊ အဆုံးသတ်သွားစေနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို အမြဲတမ်း သယ်ဆောင်နေရလိုပါပဲ။