Innwa-Ads-Banner-1-1170X200

Dani Alves ရဲ့ လိင်ပိုင်းဆိုင်ရာ အမှု အရှုပ်တော်ပုံ

ဘောလုံးကမ္ဘာကြီးထဲက နာမည်ကျော်တွေထဲမှာ Dani Alves လို စွမ်းရည်ပြည့်ဝတဲ့ ကစားသမားတစ်ယောက်ရဲ့ နာမည်ကို ဘယ်သူမှ မေ့ဖိုမလွယ်ပါဘူး။ ဘရာဇီးလ်လို နိုင်ငံကြီးကို ကိုယ်စားပြုခဲ့သူ၊ Barcelona၊ Juventus နဲ့ Paris Saint-Germain လို ကလပ်ကြီးတွေမှာ စွမ်းရည်တွေပြသခဲ့ပြီး ဆုတံဆိပ်ပေါင်းများစွာ ရရှိခဲ့သူတစ်ဦးပါ။ ဒါပေမယ့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာတော့ သူ့ရဲ့ ချီးကျူးဖွယ်ကောင်းတဲ့ ဘောလုံးသမားဘဝဟာ မမျှော်လင့်ထားတဲ့ လမ်းကြောင်းတစ်ခုဆီကို ရောက်ရှိသွားခဲ့ပါတယ်။၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ Dani Alves ကို စပိန်နိုင်ငံ၊ ကတ်တလိုနီးယားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု နဲ့တရားစွဲဆိုခံရပါတယ်။ ဒီဖြစ်ရပ်ဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့က Barcelona မြို့က ညကလပ်တစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။ တရားစွဲခံရသူ အမျိုးသမီးရဲ့ ပြောဆိုချက်အရ Alves နဲ့ ကလပ်ရဲ့ VIP ဧည့်ခန်းမှာ တွေ့ဆုံပြီးနောက် သူမကို ရေချိုးခန်းထဲခေါ်သွားကာ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို ဆိုပါတယ်။ စုံစမ်းစစ်ဆေးရေးအဆင့်မှာ Alves ရဲ့ DNA နမူနာနဲ့ ကိုက်ညီမှုတွေ၊ လက်ဗွေရာတွေလို သက်သေအထောက်အထားတွေကို တင်ပြခဲ့ပါတယ်။ Alves ကတော့ အစောပိုင်းမှာ ဒီတရားစွဲဆိုမှုတွေကို ငြင်းဆိုခဲ့ပြီး ဆက်ဆံရေးဟာ သဘောတူညီမှုရပြီးသားဖြစ်တယ်လို ဆိုခဲ့ပါတယ်။ သိုသော်လည်း သူ့ဇနီး Joana Sanz က သက်သေထွက်ဆိုရာမှာ အဲဒီညက Alves ဟာ ယမကာသောက်စားပြီး မူးယစ်နေတဲ့ပုံပေါက်ပြီး အရက်နံ့အလွန်နံနေခဲ့တယ်လို ဖော်ပြခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာတော့ ကတ်တလိုနီးယားတရားရုံးက Alves ကို အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး ထောင်ဒဏ် ၄ နှစ်ခွဲ ချမှတ်ကာ ပြစ်မှုကျူးလွန်ခံရသူအတွက် ဒဏ်ကြေးယူရိုပေါင်း ၁၅၀,၀၀၀ ပေးဆောင်ခိုင်းခဲ့ပါတယ်။ ဒီအမှုဟာ Alves ရဲ့ နာမည်ကြီးမှုကြောင့်သာမက စပိန်နိုင်ငံရဲ့ “only yes mean yes” ဆိုတဲ့ ဥပဒေသစ်အရ ပထမဆုံး အရေးပါတဲ့ အမှုကြီးတစ်ခုဖြစ်တာကြောင့် မီဒီယာအချိုရဲ့ အာရုံစိုက်မှုကို အများဆုံးရရှိခဲ့ပါတယ်။ ဒီဥပဒေဟာ လိင်ကိစ္စမှာ ရှင်းလင်းတဲ့ သဘောတူညီချက်ရဲ့ အရေးပါမှုကို အလေးထားထားတာဖြစ်ပါတယ်။ ပြစ်ဒဏ်ချမှတ်ခံပြီးနောက် Alves ကို Barcelona အနီး Sant Esteve Sesrovires မြိုက Brians 2 ထောင်စခန်းမှာ ထားရှိခဲ့ပါတယ်။ သူဟာ ၂၀၂၄ ခုနှစ်၊ မတ်လအထိ အဲဒီမှာရှိနေခဲ့ပြီး ယူရိုဒေါ်လာ ၁ သန်း ဒဏ်ကြေးဆောင်မှသာ အကျယ်ချုပ် ရမယ်လို အမိန့်ထွက်ခဲ့ပြန်ပါတယ်။ သူလွတ်ခွင့်ရဖိုအတွက် စည်းမျဉ်းတွေအနေနဲ့ Alves ဟာ သူ့ရဲ့ နိုင်ငံကူးလက်မှတ်တွေကို လက်လွှတ်ပေးရမယ်၊ စပိန်နိုင်ငံထဲမှာပဲ နေထိုင်ရမယ်၊ တစ်ပတ်တစ်ကြိမ် တရားရုံးကို သတင်းပိုရမယ်လို သတ်မှတ်ခဲ့ပါတယ်။ ဒါ့အပြင် ပြစ်မှုကျူးလွန်ခံရသူနဲ့ မီတာ ၁၀၀၀ အတွင်း ချဉ်းကပ်ခွင့်မပြုတဲ့ တားမြစ်ချက်တစ်ခုလည်း ချမှတ်ခဲ့ပါတယ်။ တရားရေးစစ်ဆေးမှုတွေကတော့ ဆက်လက်ရှိနေဆဲဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ မတ်လမှာ စပိန်တရားရုံးက Alves ရဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ကို ပယ်ဖျက်ခဲ့ပြန်ပါတယ်။

အကြောင်းပြချက်အနေနဲ့ ပြစ်မှုကျူးလွန်ခံရသူရဲ့ ထွက်ဆိုချက်တွေမှာ မကိုက်ညီမှုတွေရှိတယ်၊ မူလဆုံးဖြတ်ချက်ကို ထောက်ခံနိုင်လောက်အောင် သက်သေအထောက်အထား မလုံလောက်ဘူးလို ဆိုပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ရောနှောနေတဲ့ တုံပြန်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ Alves ရဲ့ ရှေ့နေအဖွဲ့ကတော့ ဒီဆုံးဖြတ်ချက်ကို ဝမ်းမြောက်စွာ ကြိုဆိုခဲ့ပေမယ့် ပြစ်မှုကျူးလွန်ခံရသူရဲ့ ကိုယ်စားလှယ်တွေကတော့ ဒီဆုံးဖြတ်ချက်ဟာ တစ်ခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူတွေကို သူတိုခံစားရတဲ့အကြောင်း ပြောပြဖို စိတ်အားငယ်သွားစေနိုင်တယ်ဆိုပြီး စိုးရိမ်ပူပန်မှုတွေကို ဖော်ပြခဲ့ကြပါတယ်။ ဆုံးဖြတ်ချက်ပယ်ဖျက်ခံရပေမယ့်လည်း နိုင်ငံအမှုရှေ့နေရုံးက ဒီဆုံးဖြတ်ချက်ကို စပိန်နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးကို အယူခံဝင်ခဲ့ပါသေးတယ်။ အကြောင်းကတော့ အောက်ခြေတရားရုံးရဲ့ ကောက်ချက်တွေဟာ မှားယွင်းနေတယ်၊ ပြစ်မှုကျူးလွန်ခံရသူရဲ့ ယုံကြည်စိတ်ချရမှုကို မတရားသဖြင့် မေးခွန်းထုတ်ခံခဲ့ရတယ်လို ငြင်းဆိုခဲ့လိုပါပဲ။လက်ရှိအချိန်မှာတော့ Dani Alves ဟာ လွတ်လပ်တဲ့ လူတစ်ယောက်အနေနဲ့ ရှိနေပေမယ့် ဒီအမှုရဲ့ အရိပ်ဟာ သူ့ရဲ့ ချန်ရစ်ခဲ့တဲ့ လုပ်ရပ်တွေပေါ်မှာ ကျန်ရှိနေဆဲပါပဲ။ ဘောလုံးလောကထဲကို သူပြန်လာနိုင်မလား ဆိုတာကိုတော့ လူအများစုက မေးခွန်းထုတ်နေကြဆဲဖြစ်ပြီး သူ့ရဲ့ အနာဂတ်ဟာလည်း မရေရာမှုတွေနဲ့ ပြည့်နှက်နေဆဲပါပဲ။ တရားရေးဆိုင်ရာ လုပ်ငန်းစဉ်တွေဟာလည်း ဆက်လက်ရှိနေသေးတာကြောင့် ဒီဇာတ်လမ်းရဲ့ နောက်ဆုံးအခန်းကို ရေးသားပြီးစီးသည်တော့ မဟုတ်သေးပါ။