Innwa-Ads-Banner-1-1170X200

Kompany လက်အောက်က ရပ်တန့်မရတဲ့ Bayern Munich

ဂျာမန်ဘောလုံးလောကရဲ့ ဧကရာဇ်ဘုရင်Bayern Munich ဟာ နည်းပြVincent Kompany လက်အောက်မှာ ခေတ်သစ်တစ်ခုကို စတင်နေပါပြီ။ ဒီရာသီမှာ ကျွန်တော်တို့ မြင်တွေ့နေရတာကတော့ အံ့ဩစရာကောင်းလောက်အောင်ကို ကြောက်ခမန်းလိလိပါပဲ။ ပထမဆုံးဘွန်ဒစ်လီဂါပွဲစဉ်စကတည်းက ဘိုင်ယန်ဟာ နည်းဗျူဟာပိုင်းအရ စည်းကမ်းမှုရှိမှု၊ တိုက်စစ်စွမ်းအားပြည့်ဝမှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတဲ့ အရာသုံးမျိုးကို ပေါင်းစပ်ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းရော ဥရောပမှာပါ သူတို့ကို ချေမှုန်းဖို့ ခက်ခဲနေကြတာပါ။

Bundesliga လိဂ်မှာဆိုရင် Bayern ရဲ့ စိုးမိုးမှုက အတော်ကြာခဲ့ပြီဆိုတာ အားလုံးသိကြပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက ပွဲစဉ် ၂ပွဲ အလိုမှာတင် သူ၃၃ကြိမ်မြောက် လိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။ ဒီလိုအောင်မြင်မှုက သူတို့ရဲ့ ဆက်တိုက်တည်ငြိမ်တဲ့ စွမ်းဆောင်ရည်နဲ့ မဆုတ်မနစ်ကြိုးစားတဲ့ဇွဲလုံ့လကို ဖော်ပြနေပါတယ်။ အတွေ့အကြုံနဲ့ လူငယ်စွမ်းအားတွေကို ဟန်ချက်ညီညီ ပေါင်းစပ်ထားတဲ့ အသင်းဟာ ပွဲစဉ် ၃၂ပွဲအတွင်း ၂၃ပွဲအနိုင်ရ၊ ၇ပွဲသရေ၊ ၂ပွဲသာရှုံးကာ အမှတ် ၇၆မှတ်ရရှိခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်ရည်က မတော်တဆမဟုတ်ပါဘူး။ Kompany ရဲ့ မြင့်မားတဲ့ ဖိအားပေးကစားဟန်၊ ပိုင်ဆိုင်မှုအခြေပြုကစားဟန်ကို နည်းစနစ်ကျကျလိုက်နာကျင့်သုံးမှုရဲ့ ရလဒ်ပါပဲ။ ဒီစနစ်ထဲမှာ ကစားသမားတိုင်းက သူ့ရဲ့တာဝန်ကို နားလည်ထားကြပြီး ဒီညီညွတ်မှုကပဲ တစ်ကိုယ်ကောင်းမဆန်တဲ့ အောင်မြင်မှုကို ဖန်တီးပေးနိုင်တာပါ။

ခုအသစ်စတင်တဲ့ ၂၀၂၅-၂၀၂၆ရာသီ မှာလည်း Franz Beckenbauer Supercup ဖလားနဲ့ စတင်နိုင်ခဲ့ပါတယ်။ VfB Stuttgart ကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အသက် ၃၉နှစ်ရှိပြီဖြစ်တဲ့ Manuel Neuer ဟာ သူဟာ ဘောလုံးသမိုင်းမှာ အကြီးကျယ်ဆုံး ဂိုးသမားတစ်ယောက်အဖြစ် ရပ်တည်နေဆဲဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့ကာကွယ်မှုတွေ၊ နေရာယူမှန်ကန်မှုတွေ၊ ခံစစ်မှာ ခေါင်းဆောင်မှုပေးနိုင်မှုတွေက Bayernကို အောင်မြင်ရေးလမ်းကြောင်းစီမှာပို့ဖို့ အုတ်မြစ်ချပေးခဲ့ပါတယ်။ အတွေ့အကြုံရင့် ကစားသမားတွေ အဆင့်မြင့်ဆုံးနေရာမှာ ပါဝင်ကစားနိုင်အောင် Kompany ရဲ့ မျှော်မှန်းချက်က ဘယ်လောက်ထိအောင်မြင်နေသလဲဆိုတာကို ဒါက သက်သေပြနေပါတယ်။

ဥရောပစင်မြင့်မှာလည်း Bayern ရဲ့ ပုံစံကအလားတူထက်မြက်နေဆဲပါ။ ချန်ပီယံလိဂ်ရဲ့ ပထမဆုံးပွဲမှာ ကမ္ဘာ့ကလပ်ချန်ပီယံဖြစ်ခဲ့တဲ့ Chelsea ကို ဂိမ်းပလန်ကို အမှားအယွင်းမရှိ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ Harry Kane နှစ်ဂိုးသွင်းယူပြီး ၃-၁ ရလဒ်နဲ့ အနိုင်ရအောင် ဦးဆောင်နိုင်ခဲ့ပါတယ်။ Kane ရဲ့ ဂိုးသွင်းနိုင်စွမ်းနဲ့ ဉာဏ်ရည်ဉာဏ်သွေးပါဝင်တဲ့ လှုပ်ရှားမှုတွေက သူရဲ့ ပင်ကိုယ်အရည်အသွေးသာမက အသင်းစနစ်ရဲ့ အဓိကကစားသမားတွေရဲ့ စွမ်းရည်ကို အမြင့်ဆုံးအဆင့်ရောက်အောင် ကစားပြနိင်ခဲ့ပါတယ်။ Upamecano ကတော့ ခံစစ်ကျောရိုးဖြစ်တယ်ဆိုတာပြသနိုင်ခဲ့ပြီး Chelsea ရဲ့တိုက်စစ်လမ်းကြောင်းတွေကို ချေမှုန်းရာမှာ အဓိကနေရာကပါဝင်ခဲ့သူပါ။ ဒါက Kompany လိုချင်တဲ့ ခံစစ် ခိုင်မာမှုနဲ့ တိုက်စစ်အတွက် စိတ်အေးလက်အေးလှုပ်ရှားနိုင်ရေး ဟန်ချက်ညီမှုကို ဖော်ပြနေပါတယ်။

Kompany ရဲ့ နည်းဗျူဟာပိုင်း ပြောင်းလဲတိုးတက်မှုက Bayern ရဲ့ပြန်လည်နိုးထနိုင်မှုရဲ့ အဓိကအချက်ပါပဲ။ ခန့်မှန်းလို့ရတဲ့ ပုံစံတွေကို သုံးတဲ့ခေတ်ကုန်သွားပါပြီ။ အခုအခါမှာတော့ အသင်းဟာ ပြင်းထန်တဲ့ဖိကစားမှုနဲ့ ထိန်းချုပ်ထားတဲ့ ဇုန်တွေကြားမှာ ကစားကွက်တည်ဆောက်ပြီး ဟန်ချက်ညီညီပြောင်းလဲကစားနိုင်နေကြပါပြီ။ Kompany အောက်မှာ ပိုပြီး တိုးတက်လာတဲ့ ကြယ်ပွင့်ဖြစ်တဲ့ Michael Olise ဟာ အတော်လေးအားကိုးနေရပါပြီ။အရေးကြီးအချိန်တွေမှာ ဖန်တီးနိုင်စွမ်းနဲ့ ခံစစ်ထိုးဖောက်နိုင်စွမ်းကို စွမ်းဆောင်ရည်အမြင်ဆုံးပြသထားနိုင်ပါတယ်။ Kompany ရဲ့ ချဉ်းကပ်မှုက လိုက်လျောညီထွေရှိမှုကို အလေးပေးထားပါတယ်။ ပြိုင်ဘက်တစ်ယောက်ချင်းစီက စိန်ခေါ်မှုအသစ်တစ်ခုကို ယူလာပြီး Bayern က Highline Defensive ကစားတာ၊ တောင်ပံတွေကို အသုံးချတာ၊ စိတ်ရှည်ရှည်နဲ့ ပွဲTempo ကိုထိန်းချုပ်တာမျိုး စတဲ နည်းစနစ်ပိုင်းကြွယ်ဝမှုတွေနဲ့ ပြိုင်ဘက်တွေကို တုံ့ပြန်လျက်ရှိပါတယ်။

Bayern အသင်းကို အခြားအသင်းတွေနဲ့ မတူအောင်ခွဲခြမ်းထားတာက နည်းဗျူဟာပိုင်း ဉာဏ်ရည်ဉာဏ်သွေးနဲ့ မဆုတ်မနစ်ကြိုးစားတဲ့ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ပါပဲ။ ကစားသမားတိုင်း၊ အတွေ့အကြုံရင့်သူဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ် အသင်းစိတ်ဓာတ်နဲ့ လုပ်ဆောင်ချက်တိုင်းမှာ ပါဝင်နေကြပါတယ်။ ဒီဒဿနက အောင်မြင်မှုအရသာတွေကို ခံစားနေရပါပြီ။ ပြည်တွင်းအောင်ပွဲတွေ၊ ဥရောပအောင်ပွဲတွေနဲ့ ရှုံးနိမ့်မှုမရှိသေးတဲ့ စွမ်းဆောင်ရည်က ဘောလုံးလောကကို စတင်ထိတ်လန့်စေနေပါပြီ။ Kompany ရဲ့ စည်းလုံးညီညွတ်မှု၊ စည်းကမ်းနဲ့ နည်းဗျူဟာပိုင်းအာရုံစိုက်မှုတို့က ကစားသမားတစ်ယောက်ချင်းစီပေါ်မှာသာ မှီခိုနေစေတာမဟုတ်ဘဲ အင်ဂျင်စက်ကောင်းတစ်လုံးလို လည်ပတ်နိုင်အောင်၊ ဘယ်စိန်ခေါ်မှုကိုမဆို ဖြိုဖျက်နိုင်အောင် လုပ်ဆောင်ပေးနေပါတယ်။

ကွင်းပြင်ပမှာလည်း Kompany က စည်းလုံးမှုနဲ့ ရည်ရွယ်ချက်ရှိမှုဆိုတဲ့ ခံစားချက်ကို ထည့်သွင်းပေးနိုင်ခဲ့ပါတယ်။ ကစားသမားတွေက သူ့ရဲ့ သေသပ်တဲ့ပြင်ဆင်မှု၊ ပွဲ ဖတ်နိုင်စွမ်းနဲ့ ကစားသမားတစ်ယောက်ချင်းစီကို ယုံကြည်မှု မြှင့်တင်ပေးနိုင်တာတွေကို ချီးကျူးပြောဆိုကြပါတယ်။ ဒီစိတ်ပိုင်းဆိုင်ရာ အခန်းကဏ္ဌက မြင့်မားတဲ့အဆင့်မှာ၊ အထူးသဖြင့် ဖိအားတွေနဲ့ ပြင်းထန်မှုတွေ အမြင့်ဆုံးရောက်နေတဲ့ ချန်ပီယံလိဂ်မှာ အရေးကြီးတဲ့အခန်းကနေ ပါဝင်နေပါတယ်။ Kompany အောက်မှာ Bayern ဟာ ကြောက်စရာကောင်းတဲ့ တိုက်စစ်စွမ်းအားရှိတဲ့အသင်းနဲ့ မာကျောတဲ့ခံစစ်ကာကွယ်ရေးဆိုတဲ့ ဟန်ချက်ညီမှုကို တွေ့ရှိခဲ့ပါတယ်။

Harry Kane ဟာ ဒီရာသီ ပွဲဦးထွက် ၆ပွဲမှာတည်းက ၁၀ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါက သူ့ရဲ့အရည်အသွေးရော Bayern ရဲ့ ပြောင်မြောက်တဲ့စနစ်က ဖန်တီးပေးတဲ့ အခွင့်အလမ်းတွေရဲ့ အံ့ဩစရာကောင်းတဲ့ အစပါပဲ။ Manuel Neuer ကတော့ အသက်အရွယ်ကို ဆန့်ကျင်ပြီး အသင်းရဲ့ ကျောရိုးအဖြစ် ဆက်ရပ်တည်နေဆဲပါ။ Jonathan Tah တို့လိုခံစစ်သမားတွေကလည်း ဒီရာသီမှာအတော်လေး တည်ငြိမ်မှုကို ထိန်းသိမ်းရာမှာ အရေးပါနေဆဲပါပဲ။

အချုပ်အားဖြင့်ဆိုရင် Kompany လက်အောက်မှာ Bayernဟာ အသင်းတစ်သင်းထက်ပိုပါတယ်။ စွမ်းအားတစ်ခုပါ။ ဘောလုံးကမ္ဘာကြီးက Bayern Munichကို စောင့်ကြည့်နေကြပါပြီ။ သေချာတာတစ်ခုကတော့ Vincent Kompany ရဲ့ ဦးဆောင်မှုအောက်မှာ Bayern Munich ဟာ ထိန်းချုပ်လို့မရနိုင်တဲ့ အသင်းတစ်သင်းဖြစ်နေပြီဆိုတာပါပဲ။