ဘောလုံးကို ခေတ်တွေခွဲချလိုက်မယ်ဆိုရင် ခေတ်ဟောင်းဆိုတဲ့ခေတ်ဟာ ဘရု့စ် ရို့ချ်၊ စတူးဝပ်ဟောက်စ်တန်၊ ပက် ရိုက်စ်တို့ကို ဆက်တိုက်လဲလှယ်ပြီးတဲ့နောက် အာဆင်နယ်အသင်းက အာစင်ဝင်း ဂါးကိုတွေ့ရှိပြီး EPL ကိုခေါ်ယူလာတဲ့အချိန် မတိုင်ခင် ကာလတစ်ခုလုံးကို ဆိုလိုရမှာဖြစ်ပါတယ်။ အာစင်ဝင်းဂါး-ဖာဂူဆန် နောက်ပိုင်း မော်ရင်ညို ပြိုင်ဆိုင်မှုခေတ်တွေကိုတော့ မော်ဒန်ဘောလုံးလို့ ခေါ် ရတော့မှာဖြစ်ပြီး ပက်ဂွါဒီယိုလာ ရောက်လာအပြီး အာတီတာအပါအဝင် လူငယ်နည်းပြတွေထွက်ပေါ်လာတဲ့ ဒီနေ့ခေတ်ကိုတော့ ခေတ်ပြိုင်ဘောလုံးလို့ ခေါ်ရမှာပါ။
ခေတ်ပြိုင်ဘောလုံးမှာ မဖြစ်မနေလိုအပ်တာကတော့ ၁၁ ယောက်လုံးက ဘောလုံး ကောင်းကောင်းကိုင် ကစားနိုင်ဖို့ပါပဲ။ အဲဒီအထဲမှာ ဂိုးသမားတွေပါ ပါပါတယ်။ မော်ဒန်ခေတ်မှာကတည်းက ဗန်ဒါဆားတို့လို ကစားသမားတွေ၊ ရှေ့မှာဆိုရင် ဘားသက်တို့လို ကစားသမားတွေက အဲဒီလို ကစားကွက်ထဲမှာ ဝင်ပါခဲ့တာ ရှိပေမဲ့ အခုက မဖြစ်မနေကို လိုအပ်လာတာပါ။ ဒါမှသာ နောက်တန်းကနေ ကစားကွက်စတည်ဖို့ အဆင်ပြေပြီး မလိုအပ်ဘဲ ကန်တင်ပြီး ဘောလုံးဆုံးရှုံးရတာမျိုးကို မဖြစ်စေမှာဖြစ်ပါတယ်။
တကယ်တော့ ဘောလုံးကန်တင်တယ်ဆိုတာကလည်း Ball-playing ထဲမှာ ပါဝင်တာပါပဲ။ ဒါကိုနား လည်ထားမှ အခုပြောမယ့်ကိစ္စကို နားလည်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဘောလုံးကို ကန်တင်တဲ့အခါ လိုအပ်ချက်က ပိုများပါတယ်။ နည်းပြပိုင်းက အစ ပြင်ဆင်ပေးရပါတယ်။ ဘယ်ကိုကန်တင်မယ်၊ ဘယ်သူက ဘောလုံးကို First-ball ဖမ်းမယ်။ ဘယ်သူကတွေက Second-ball ရအောင်လာယူမယ်ဆိုတာတွေက အစပြင်ဆင်ပေးရပါတယ်။ အဲဒီလို တင်ပေးမယ့်နေရာတွေမှာ တာဝန်ယူရတဲ့ ကစားသမားတွေမှာကိုက လိုအပ်တဲ့အရည်အသွေးတွေရှိနေတာပါ။ ဂိုးသမားအလုပ်က အဲဒီနေရာတွေဆီကို ရောက်ဖို့နဲ့ လိုအပ်တဲ့ ကန်ချက်ပြင်းအားနဲ့ တိတိကျကျရှိဖို့ပါ။ လက်ရှိ Ball-playing GK တွေလည်း ဒီလိုလုပ်တတ်ကြပါတယ်။ ဒါပေမဲ့ Ball-playing GK အလုပ်က ဒီထက်တော့ ပိုထွေပြားပါတယ်။
မန်စီးတီးနဲ့ ဒွန်နာရမ်မာ သတင်းထွက်လာတာ၊ လီဗာပူးက မာမာဒါရှီးဗီးကိုခေါ်လိုက်တာတွေကြောင့် Shot-stopper တွေရဲ့ ခေတ် ပြန်လာနေပြီလို့ ရေးကြပြောကြတာတွေရှိလာပါတယ်။ တကယ်တော့ အဲဒါဟာ မဟုတ်ပါဘူး။ Traditional ဂိုးသမားတွေရဲ့ သမရိုးကျ ဂိုးစောင့်တဲ့အလုပ်က မော်ဒန်ဘောလုံး ခေတ်နှောင်းမှာ ကျန်ရစ်ခဲ့ပါပြီ။ အခုမှာတော့ အဲဒီလောက်နဲ့မရတော့ပါဘူး။ တခြားအသင်းလေးတွေမှာတော့ မသိပေမဲ့ အလုပ်ကောင်းကောင်းလုပ်ပြီး ကစားကွက်အခြေခံကျကျလည်ပတ်ချင်တဲ့အသင်းတွေမှာတော့ မရတော့ပါဘူး။High-line ဆော့ချင်တဲ့အသင်းတွေမှာ ပိုမရပါဘူး။
ဒါပေမဲ့ ဘာဖြစ်လာတာလဲဆိုရင် နည်းပြတွေက Ball-playing GK တွေရဲ့ ကသီလင်တနိုင်ပြီး ကို့ရို့ကားယားဆန်တဲ့အမှားတွေကို စိတ်ကုန်လာတာပါ။ ဒါကလည်း ကစားသမားတွေ အမှားချည်းမဟုတ်ပါဘူး။ သူတို့ ယူရတဲ့ တာဝန်ထဲကို ရှုပ်ထွေးတဲ့ တောင်းဆိုချက်တွေ ထပ်ထည့်ပေးလာတဲ့အခါ မတော်တဆတွေကတော့ ဖြစ်နိုင်တာပါပဲ။ အန်ဒရေအိုနာနာရဲ့အမှားတွေလိုမျိုး ပင်ကိုယ်အမှားတွေလည်း ပါတာပေါ့။ ဆိုတော့ အကြောင်းမဲ့ ဘာမှမဟုတ်တဲ့ မတော်တဆလေးတစ်ခုနဲ့ ဂိုးမပေးရဖို့အတွက် အသင်းကြီးတွေဟာ ကာကွယ်မှုပိုင်းကိုလည်း အားသန်တဲ့ ဂိုးသမားတွေရှာလာရပါတယ်။ နောက်တစ်နည်းဆိုရရင် Ball-playing လည်း အတန်အသင့်လုပ်နိုင်၊ ကာကွယ်မှုလည်း အားကောင်းတဲ့ Hybrid ဂိုးသမားတွေကို တောင်းဆိုလာတာပါ။ဘောလုံးဟာ ဒီလိုပဲ လည်ပတ်နေတာဖြစ်ပြီး အသစ်အသစ်တွေပေါ်လာတိုင်း တောင်းဆိုချက်အသစ် တွေထွက်လာဦးမှာပါပဲ။ အားနည်းချက်တွေကို ဖြည့်တင်းဖို့ လုပ်ကြရင်းနဲ့ Meta အသစ်တစ်ခုက ပေါ် လာနေဦးမှာပါပဲ။ ဒါဟာ အရင်ခေတ်က ဂိုးသမားတွေဆီကို ပြန်သွားဖို့ လုပ်ကြတာမဟုတ်ဘဲ နောက် တဆင့် ဒါမှမဟုတ် ကြားခံအဆင့်တစ်ဆင့်ဆီကို ကူးပြောင်းတဲ့သဘောလို့ ပြောရင် ပိုပြီးမှန်မှာပါ။
+