Innwa-Ads-Banner-1-1170X200

The dark side of Football Agent

အပြောင်းရွှေ့စျေးကွက်ဆိုတာ ဟိုတယ်တွေရဲ့အစည်းအဝေးခန်းတွေ၊ ဇိမ်ခံရုံးခန်းတွေနဲ့ သီးသန့်လေယာဉ်တွေပေါ်မှာဖြစ်ပေါ်နေကြတာပါ။ ကလပ်နာမည်တစ်ခုချင်းစီရဲ့နောက်ကွယ်မှာ မျက်စိထဲမမြင်ရတဲ့ဩဇာကြီးမားသူတစ်ဦးရှိနေတတ်ပါတယ်။ သူတို့ကတော့ ဘောလုံးကိုယ်စားလှယ်တွေ Agentပါ။ လူငယ်ကစားသမားတွေကို အောင်မြင်မှုဆီဦးတည်ပေးမယ်လို့ ကတိပေးကြတဲ့သူတို့ဟာ… မကြာခဏဆိုသလို ကစားသမားရဲ့ဘဝကိုပုံဖော်ပေးရုံသာမက၊ ပြောင်းရွှေ့ကြေးတွေကိုမြင့်တက်စေပြီး ကိုယ်ကျိုးအတွက် ကလပ်တွေကိုအလွဲသုံးစားလုပ်တတ်ကြပါတယ်။ ဒီနေ့မှာတော့… ဘောလုံးကိုယ်စားလှယ်တွေရဲ့ မကောင်းတဲ့ဘက်ခြမ်းကို ဖော်ထုတ်ကြည့်ကြရအောင်။

အရာအားလုံးရဲ့ အစကငွေကြေးပါပဲ။ ကိုယ်စားလှယ်တစ်ဦးအတွက်အောင်မြင်တဲ့ ကစားသမားလွှဲပြောင်းမှုတစ်ခုဟာ ကော်မရှင်အနေနဲ့ သန်းနဲ့ချီပြီးရရှိနိုင်ပါတယ်။ ၂၀၁၆ ခုနှစ်က Paul Pogba ရဲ့ Manchester United ကို ပြန်လည်ရွှေ့ပြောင်းမှုကို ဥပမာယူကြည့်ပါ။ အဲဒီတုန်းကကမ္ဘာ့စံချိန်တင် လွှဲပြောင်းခက ယူရို ၁၀၅ သန်းပါ။ ဒါပေမယ့် အရိပ်အာဝါသထဲမှာ နောက်ထပ်ကိန်းဂဏန်းတစ်ခုရှိနေပါသေးတယ်။ Pogba ရဲ့ ကိုယ်စားလှယ် Mino Raiola ဟာ အဲဒီသဘောတူညီချက်ကနေ ယူရို ၂၅ သန်းနီးပါး သူ့အိတ်ထဲကိုထည့်သွင်းသိမ်းဆည်းလိုက်တယ်လို့သိရပါတယ်။ ဒီပမာဏဟာ ကလပ်အများစုက တစ်သင်းလုံးအတွက် သုံးစွဲတာထက်တောင်ပိုများနေပါတယ်။ ဒီလိုသဘောတူညီချက်မျိုးတွေကပဲ ကြားခံလူတွေကိုကစားသမားတွေကို ဆုပေးနေရသလောက်ရှိတယ်ဆိုတဲ့ စနစ်ကြီးရဲ့ ပုံရိပ်ကိုပြနေပါတယ်။

ကိုယ်စားလှယ်တွေဟာ ကော်မရှင်ငွေတွေကိုသာလိုက်မနေကြပါဘူး။ ကစားသမားတစ်ဦးချင်းစီရဲ့ လမ်းကြောင်းကိုပါ ထိန်းချုပ်ထားတတ်ကြပါတယ်။ လူငယ်ကစားသမားအရည်အချင်းရှိသူတစ်ဦးကို ရေရှည်စာချုပ်မှာ လက်မှတ်ထိုးဖို့ သိမ်းသွင်းတတ်ကြပါတယ်။ တစ်ချို့အခြေအနေတွေမှာ လူငယ်ကစားသမားတွေကို သူတို့ပရိုဖက်ရှင်နယ်မဖြစ်သေးခင် ကတည်းက သဘောတူညီချက်တွေ လက်မှတ်ထိုးခိုင်းတတ်ကြတယ်။ မိသားစုတွေကို ချမ်းသာကြွယ်ဝမှုနဲ့ ကျော်ကြားမှုတွေ ကတိပေးကြပေမယ့်… စာချုပ်ထဲက သေးငယ်တဲ့စာလုံးတွေဟာ ကစားသမားကို မဟုတ်ဘဲ ကိုယ်စားလှယ်ကို အကျိုးဖြစ်ထွန်းစေတတ်ပါတယ်။ များစွာသောဖြစ်ရပ်တွေက မီဒီယာတွေဆီရောက်မလာတတ်ပေမယ့်… စူပါစတားတစ်ယောက်ချင်းစီရဲ့ နောက်ကွယ်မှာ အကြံဉာဏ်ညံ့ဖျင်းမှုနဲ့မကောင်းတဲ့သဘောတူညီချက်တွေကြောင့် ကစားသမားတက်လမ်း ပိတ်သွားတဲ့ကစားသမားတွေ ဒါဇင်နဲ့ချီ ရှိနေပါတယ်။

အဆိုးရွားဆုံး နည်းဗျူဟာတွေထဲက တစ်ခုကတော့ “အပြောင်းရွှေ့ပတ်လမ်း” ပါပဲ။ ကိုယ်စားလှယ်တစ်ဦးဟာ သူ့ကစားသမားကို နှစ်နဲ့ချီပြီး ကလပ်အသစ်တစ်ခုဆီပြောင်းခိုင်းတတ်ပါတယ်။ ဘောလုံးအတွက် မဟုတ်ဘဲ… အပြောင်းရွှေ့တစ်ခုချင်းစီကနေရရှိလာမယ့် ကော်မရှင်ငွေအတွက်ပါ။ ကစားသမားဘဝလမ်းကြောင်းတွေကို အမြတ်ထုတ်ဖို့အတွက် စတေးခံရတာမျိုးရှိပါတယ်။ João Félix ရဲ့ အကြိမ်ကြိမ်ငှားရမ်းခံရမှုတွေ၊ သာမန်ကစားသမားတွေရဲ့ အကြိမ်ကြိမ်ကလပ်ပြောင်းရွှေ့မှုတွေရဲ့ နောက်ကွယ်မှာ ကိုယ်စားလှယ်တွေရဲ့ ယုတ်မှာမှုတွေရှိနေတတ်ပါတယ်။

နောက်ထပ် ပြဿနာတစ်ခုကတော့ “အကျိုးစီးပွား ပဋိပက္ခ” ပါ။ တစ်ခါတစ်ရံမှာ ကိုယ်စားလှယ်တစ်ဦးတည်းက ကစားသမားရော… ဝယ်ယူမယ့်ကလပ်ကိုပါ… ဒါမှမဟုတ်တစ်သင်းတည်းက ကစားသမားများစွာကို ကိုယ်စားပြုတတ်ကြပါတယ်။ ဆိုလိုတာက သူ့ဟာသူနဲ့ပဲ ညှိနှိုင်းနေရသလိုဖြစ်နေတာပါ။ ဘယ်ဘက်ကပိုပေးနိုင်လဲ ပိုပေးလေလေ သူ့အတွက်ပိုအကျိုးရှိလေပါပဲ။ ကစားသမားဟာ Client မဟုတ်တော့ဘဲ… ရုပ်သေးရုပ်တစ်ရုပ်ဖြစ်သွားတတ်ပါတယ်။

Mino Raiola ဆိုသူဟာ ဒီလောကရဲ့ အငြင်းပွားဖွယ်ရာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပါတယ်။
သူဟာ Pogba, Zlatan Ibrahimović, Erling Haaland အပါအဝင် ကစားသမားများစွာကိုကိုယ်စားပြုခဲ့ပါတယ်။ တစ်ချို့က သူ့ကိုကစားသမားတွေ သူတို့တန်ဖိုးရအောင် ကာကွယ်ပေးသူလို့ မြင်ကြပြီး… တစ်ချို့ကတော့ လွှဲပြောင်းမှုတွေကို manipulation လုပ်တဲ့သူအဖြစ်မြင်ကြပါတယ်။ ကလပ်တွေကို မတည်ငြိမ်အောင်လုပ်ပြီးဈေးကွက်ကိုမြင့်တက်စေတဲ့ ကော်မရှင်ခကြီးတွေကို တောင်းဆိုသူလို့ စွပ်စွဲခဲ့ကြပါတယ်။ Raiola ဟာ ခေတ်သစ်ကိုယ်စားလှယ်တွေရဲ့ ဝိရောဓိဖြစ်မှုကို ကိုယ်စားပြုနေပါတယ်။ သူတို့ဟာ ကာကွယ်စောင့်ရှောက်သူတွေလား… ဒါမှမဟုတ် သားကောင်ရှာဖွေသူတွေလားဆိုတာ စဉ်စားတာနဲ့သိနိုင်ပါတယ်။

တစ်ဦးချင်းစီတင်မကပါဘူး။ ကိုယ်စားလှယ်လုပ်ငန်းတွေဟာလည်း အင်ပါယာကြီးတွေဖြစ်လာကြပါပြီ။ Jorge Mendes ကနေစတင်တည်ထောင်တဲ့ Gestifute ဆိုတဲ့ စူပါ အေဂျင်စီဟာ Cristiano Ronaldo, Bernardo Silva အပါအဝင် ပေါ်တူဂီကစားသမားများစွာကိုထိန်းချုပ်ထားပါတယ်။ အေဂျင်စီတစ်ခုဟာ ကစားသမားမျိုးဆက်တစ်ခုလုံးအပေါ် လွှမ်းမိုးမှုရှိလာပြီး… ကလပ်တွေနဲ့လည်းရင်းနှီးတဲ့ ဆက်ဆံရေးရှိလာတဲ့အခါ… တရားဝင်ယှဉ်ပြိုင်မှုနဲ့ လက်ဝါးကြီးအုပ်မှုကြား မှုန်ဝါးလာတတ်ပါတယ်။ ဆက်ဆံရေးကောင်းတဲ့ ကလပ်တစ်ခုဟာ ကစားသမားတစ်ဦးတည်းကိုမဟုတ်ဘဲ… နှစ်ဦး၊ သုံးဦးအထိ ဝယ်ယူဖို့ ဖိအားပေးခံရတတ်ပါတယ်။


နောက်ထပ် အဂတိလိုက်စားမှုရဲ့ အရိပ်အယောင်တွေလည်းရှိပါသေးတယ်။ ပြင်သစ်၊ အီတလီနဲ့ အင်္ဂလန်နိုင်ငံတွေမှာ စုံစမ်းစစ်ဆေးမှုတွေအရ ငွေကြေးခဝါချမှု၊ လျှို့ဝှက်ငွေပေးချေမှုတွေနဲ့ ကိုယ်စားလှယ်သဘောတူညီချက်တွေနဲ့ ဆက်စပ်နေတဲ့ ငွေမဲစာရင်းတွေကိုဖော်ထုတ်ခဲ့ကြရပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်စားလှယ်တွေဟာ ကော်မရှင်ငွေရဲ့ အမှန်တကယ်ပမာဏကို ဝှက်ထားဖို့ shell companies တွေကိုအသုံးပြုကြပါတယ်။ FIFA ကိုယ်တိုင်ကပါ ကိုယ်စားလှယ်တွေကို စည်းမျဉ်းစည်းကမ်းထိမ်းသိန်းခြင်းဟာ ဘောလုံးလောကရဲ့ အခက်ခဲဆုံးတိုက်ပွဲတစ်ခုလို့ဝန်ခံထားပါတယ်။

ဒါပေမယ့်… အကြီးဆုံးသော သားကောင်တွေဟာ ကလပ်တွေ မဟုတ်တတ်ပါဘူး။ ကစားသမားတွေကိုယ်တိုင်ပါပဲ။ အနာဂတ်ရှိသည့် လူငယ်ကစားသမား (wonderkid) တွေ မီဒီယာအလင်းရောင်ထဲကနေ ပျောက်ကွယ်သွားရတာတွေကို စဉ်းစားကြည့်ပါ။ တစ်ချို့ဟာ ငယ်ရွယ်တဲ့အရွယ်မှာပဲလွန်လွန်ကဲကဲဖိအားပေးခံရပြီး သူတို့ရဲ့ဖွံ့ဖြိုးမှုအတွက် မသင့်တော်တဲ့ လိဂ်တွေမှာအဆုံးသတ်သွားတတ်ကြပါတယ်။ တစ်ချို့ကတော့လူသားတွေမဟုတ်ဘဲ… ပိုင်ဆိုင်မှုပစ္စည်းတွေလို ရောင်းဝယ်ဖောက်ကားခံရပြီး… ယုံကြည်မှုတွေကွဲအက်ကုန်တဲ့အထိဖြစ်သွားတတ်ကြပါတယ်။ Mbappé သို့မဟုတ် Haaland တို့လို ဩဇာကြီးတဲ့ကိုယ်စားလှယ်ရှိသူတိုင်းအတွက်တော့ အမြဲတမ်းရင်လေးနေတာပါ ကိုယ်စားလှယ်တွေရဲ့ ရှုပ်ထွေးမှုတွေကြားမှာ ပျောက်ဆုံးသွားတဲ့လူငယ်ကစားသမား အရေအတွက်ဟာ မရေမတွက်နိုင်အောင်ရှိနေပါတယ်။

မကြာသေးခင်က FIFA ဟာ ကိုယ်စားလှယ် ကော်မရှင်တွေကိုကန့်သတ်ပြီး ပွင့်လင်းမြင်သာမှုကိုမြှင့်တင်ဖို့ စည်းမျဉ်းသစ်တွေ မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် ဩဇာကြီးမားတဲ့ အေဂျင်စီတွေကတော့ သူတို့ရဲ့ အမြတ်အစွန်းတွေကိုကာကွယ်ဖို့ တိုက်ခိုက်နေကြဆဲပါပဲ။ ဘောလုံးကိုယ်စားလှယ်တွေဟာ ဘောလုံးရဲ့ အရိပ်အာဝါသထဲမှာနေထိုင်ကြပါတယ်။ တစ်ချို့ဟာ ကစားသမားတွေကို မိသားစုလိုစောင့်ရှောက်ပေးကြပါတယ်။ ဒါပေမယ့် မကောင်းတဲ့ဘက်ခြမ်း… လောဘ၊ manipulation နဲ့ အလွဲသုံးစားလုပ်မှုတွေကတော့ ဘောလုံးကိုခြောက်လှန့်နေဆဲပါပဲ။ ဘီလီယံချီတဲ့ ငွေကြေးတွေ အားကစားကနေတစ်ဆင့်စီးဆင်းနေသရွေ့… ကိုယ်စားလှယ်တွေဟာ မရှိမဖြစ်လိုအပ်သူတွေအဖြစ်နဲ့ပဲ… အန္တရာယ်ရှိသူတွေအဖြစ်နဲ့ပဲ ရှိနေဦးမှာပါ။နောက်တစ်ခါစံချိန်တင်အပြောင်းရွှေ့တစ်ခုကို သင်မြင်ရတဲ့အခါ… ဒီအချက်ကိုသတိရလိုက်ပါ။ နောက်ဆုံးအနိုင်ရသူတွေဟာ… ကလပ်တွေ ဒါမှမဟုတ်ကစားသမားတွေမဟုတ်ဘဲ… ဈေးကြီးတဲ့ suit တွေဝတ်ဆင်ထားပြီး တိတ်တဆိတ် သန်းနဲ့ချီတဲ့ငွေတွေကို ရေတွက်နေကြတဲ့လူတွေဖြစ်နေနိုင်ပါတယ်။