Innwa-Ads-Banner-1-1170X200

Tuchel ပြောင်းလဲလိုက်တဲ့အင်္ဂလန် Culture

Thomas Tuchel ဟာ အင်္ဂလန်အသင်းကို နည်းပြချုပ်အဖြစ် စတင်တာဝန်ယူချိန်မှာ စနစ်ကျတဲ့ နည်းဗျူဟာတွေနဲ့ သိကျွမ်းတဲ့ ဂျာမန်လူမျိူးနည်းပြတစ်ယောက်အနေနဲ့ အစဉ်လာကြီးမားတဲ့ အသင်းတစ်သင်းရဲ့ ပုံရိပ်ကို တကယ်ပဲ ပြန်လည်ပြင်ဆင်နိုင်မလားဆိုတာ လူအများက စောဒကတက်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတာဝန်ယူပြီး လအနည်းငယ်အတွင်းမှာပဲ အပြောင်းအလဲတွေရဲ့ လက္ခဏာတွေက စတင်ပေါ်ထွက်လာခဲ့ပါတယ်။ Tuchel ဟာ အင်္ဂလန်အသင်း မြေပြင်ပေါ်မှာ ဘယ်လိုကစားရမလဲဆိုတာကိုသာမက၊ ဘယ်လိုပြင်ဆင်တယ်၊ ဘယ်လိုလေ့ကျင့်တယ်၊ ဘောလုံးအကြောင်း ဘယ်လိုတွေးခေါ်တယ်ဆိုတာတွေကိုပါ ပြောင်းလဲစေခဲ့ပါတယ်။ ဒါဟာ သာမန်နည်းပြတစ်ယောက်ရဲ့ ခန့်အပ်ခံရမှုမျိုးမဟုတ်ဘဲ အင်္ဂလန်အသင်းအတွက် အသစ်ပြန်လည်စတင်မှုတစ်ရပ်လိုပါပဲ။Tuchel ရဲ့ ပထမဆုံးလုပ်ဆောင်ချက်က ကြိုတင်ခန့်မှန်းလို့ရတဲ့အရာတွေကို ဖယ်ရှားလိုက်တာပါပဲ။ ယခင်နည်းပြတွေလက်ထက်မှာ အင်္ဂလန်အသင်းဟာ ပုံသေဖွဲ့စည်းပုံတွေကို အားပြုပြီး ပွဲစဉ်တွေနိုင်ဖို့အတွက် တစ်ဦးချင်းစွမ်းရည်ကို မှီခိုလေ့ရှိခဲ့ပါတယ်။ Tuchel ကတော့ ဒီလိုမဟုတ်ဘဲ ဆန့်ကျင်ဘက်မူနဲ့ ဝင်ရောက်လာခဲ့တာပါ။ သူဟာ ချက်ချင်းပဲ ပြောင်းလဲနိုင်စွမ်းကို မိတ်ဆက်ပေးခဲ့ပြီး ခံစစ်မှာ သုံး၊လေးဦး ပြောင်းလဲသုံးစွဲတာ၊ တိုက်စစ်မှာ လွတ်လပ်စွာရွေ့လျားမှုဖန်တီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ တချို့ပြိုင်ဘက်တွေနဲ့ကစားရာမှာ ဘောလုံးပိုင်ဆိုင်မှုထိန်းချုပ်ဖို့ box midfield စနစ်ကိုသုံးခဲ့ပြီး၊ တခြားပွဲတွေမှာတော့ ဗဟိုတိုက်စစ်မှူးရဲ့နောက်မှာ ကွင်းလယ်တိုက်စစ်နှစ်ယောက်ထားကာ ကွင်းလယ်နေရာတွေကို အရေအတွက်သာလွန်အောင်သုံးခဲ့ပါတယ်။ ပုံသေဖြစ်နေတဲ့ အင်္ဂလန်အသင်းကို ကျင့်သားရနေတဲ့ ပရိသတ်တွေအတွက်တော့ ဒီပြောင်းလဲနိုင်စွမ်းဟာ ဆန်းသစ်စေပြီး တစ်ခါတစ်ရံ စွန့်စားရာလည်းရောက်စေပါတယ်။

ဒါပေမယ့် Tuchel ဟာ စာရွက်ပေါ်ကနည်းဗျူဟာတွေတင်မကပါဘူး။ စွမ်းအင်နဲ့ ဘောလုံးအပေါ်ထားရှိတဲ့ရည်ရွယ်ချက်ကိုပါ အလေးထားပါတယ်။ အင်္ဂလန်အသင်းဟာ အခုဆိုရင် ကွင်းတွင်းမှာပါ အားတက်သရော ဖိအားပေးကစားလာကြပြီး ဘောလုံးဆုံးရှုံးလိုက်ရတဲ့အခိုက် စက္ကန့်ပိုင်းအတွင်းမှာပဲ ပြန်လည်ရယူဖို့ ကြိုးစားလာကြပါတယ်။ ကစားသမားတွေကို ပြင်းထန်စွာနဲ့ နေရာလွတ်တွေပိတ်ဖို့ တိုက်တွန်းထားပြီး တစ်ချိန်တည်းမှာပဲ စည်းကမ်းရှိရှိ ရွေ့လျားကစားဖို့ ခိုင်းစေပါတယ်။ တစ်ဦးတစ်ယောက်ရဲ့ ဖိအားပေးမှုဟာ ပြိုင်ဘက်တွေအတွက် နေရာလွတ်မဖြစ်စေရဆိုတဲ့ ဒီဟန်ချက်ညှိမှုဟာ Tuchelရဲ့ စတင်အုပ်ချုပ်မှုကာလရဲ့ အပြောင်းအလဲအထူး လက္ခဏာ တစ်ရပ်ဖြစ်လာခဲ့ပါတယ်။ ဒါဟာ လုပ်ဆောင်ချက်တိုင်းကို ကြိုတင်လေ့ကျင့်ထား၊ ဖိအားပေးမှုတိုင်းကို ညှိနှိုင်းထား၊ ကစားသမားတိုင်းက သူတို့ရဲ့တာဝန်ကို သိထားတဲ့ ideologyတစ်ခု ပါပဲ။စိတ်ဝင်စားစရာကောင်းတာက Tuchel ဟာ ခေတ်မီနည်းစနစ်ကျင့်သုံးလိုက်ရုံတင်သာမကရိုးရာဓလေ့ပုံစံနဲ့လည်းတူတဲ့ အရာတစ်ခုကို ထည့်သွင်းပေးခဲ့ပါတယ်။ ဒါကတော့ set pieces တွေကို ပိုမိုအလေးထားတဲ့ တိုက်ရိုက်ကစားနည်းပါပဲ။ ဒါဟာ အင်္ဂလိပ် Premier League ရဲ့ ရှေးကျတဲ့ကစားဟန်နဲ့ တူညီပေမယ့် Tuchel ကတော့ ဒါကို မတူညီစွာ ရှုမြင်ပါတယ်။ ဒီနည်းလမ်းတွေကို ရိုးရိုးရှင်းရှင်းဗျူဟာတွေလို့မြင်တာမဟုတ်ဘဲ လက်နက်တွေအဖြစ်မြင်ပါတယ်။ ဒီနည်းစနစ်ဟာ ပြိုင်ဘက်တွေကို မမျှော်လင့်ထားတဲ့အချိန်မှာ ရှုပ်ထွေးမှုတွေဖန်တီးနိုင်တဲ့ အန္တရာယ်ရှိတဲ့အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်တဲ့ အခိုက်အတန့်ပါပဲ။ လေ့ကျင့်ရေးမှာ ကစားသမားတွေဟာ ပြန်လည်တိုက်စစ်ဆင်တာတွေကို လေ့ကျင့်သလိုပဲ Set pieceရဖို့ တမင်ကန်ထုတ်ပစ်တာမျိူးတွေကိုလည်း ဂရုတစိုက်လေ့ကျင့်ကြပါတယ်။ Tuchel အတွက်တော့ အသေးစိတ်တိုင်းက အရေးကြီးပါတယ်။

သူ့ရဲ့ကစားသမားအပြောင်းအလဲတွေဟာ နည်းဗျူဟာတွေထက် ပိုကျယ်ပြန့်ပါတယ်။ လေ့ကျင့်ခန်းအစီစဉ်တွေကို ပြန်လည်စီမံထားပါတယ်။ လေ့ကျင့်ခန်းတွေကို ညနေခင်းတွေမှာ ပိုလုပ်လာကြပြီး ညနေပိုင်းပွဲစဉ်တွေနဲ့ ကိုက်ညီစေကာ ကစားသမားတွေကို ပွဲစဉ်နေ့တွေမှာ ပိုသဘာဝကျတဲ့ စည်းချက်ကိုရစေပါတယ်။ အချက်အလက်တွေနဲ့အလုပ်လုပ်တာလည်း ပိုပြင်းထန်လာပါတယ်။ Tuchel နဲ့သူ့ရဲ့အဖွဲ့ဟာ GPS စောင့်ကြည့်မှု၊ အဆင့်မြင့်ခွဲခြမ်းစိတ်ဖြာမှုတွေ၊ တစ်ဦးချင်းစီလေ့ကျင့်ခန်းတွေကို စွမ်းဆောင်ရည်မြှင့်တင်ဖို့သုံးပါတယ်။ ကစားသမားတစ်ဦးချင်းစီကို ခြေရာခံ၊ အကဲဖြတ်၊ ပြန်လည်ထူထောင်မှု၊ နေရာချထားမှု၊ ဝန်ထုပ်ဝန်ပိုးတွေအပေါ် ပြန်လည်အကြံပြုပါတယ်။ ဒါဟာ ကလပ်ဘောလုံးရဲ့ထိပ်တန်းအသင်းတွေ ကြာမြင့်စွာကျင့်သုံးထားတဲ့ အားကစားသိပ္ပံယဉ်ကျေးမှုမျိုးဖြစ်ပြီး အခုဆိုရင် နိုင်ငံအသင်းမှာ အပြည့်အဝထည့်သွင်းထားပါတယ်။Tuchel ရဲ့ ကိုယ်တိုင်ကိုယ်ကျဝင်ရောက်ထိတွေ့မှုကလည်း သူ့နည်းစနစ်တွေ နက်ရှိုင်းစွာအမြစ်တွယ်ရတဲ့ အကြောင်းရင်းတစ်ခုပါပဲ။ သူဟာ နည်းဗျူဟာဘုတ်တွေနောက်မှာ ပုန်းခိုနေတဲ့ ပုဂ္ဂိုလ်မဟုတ်ဘဲ အင်္ဂလိပ်ကစားသမားတွေကို ကြည့်ရှုဖို့ ဥရောပကွင်းခြောက်ကွင်းမ တက်ရောက်ခဲ့ပြီး ထင်ရှားတဲ့ကြယ်ပွင့်တွေသာမက အသင်းထဲကို စီးဝင်နိုင်တဲ့ အရည်အချင်းရှိသူတွေကိုပါ ရှာဖွေခဲ့ပါတယ်။ Tuchel ဟာ “List 50” လို့ခေါ်တဲ့စာရင်းကိုတောင် ပြုလုပ်ထားပြီး ဘယ်သူ့ကိုမှ လျစ်လျူရှုမထားစေဖို့နဲ့ ကစားသမားတိုင်းမှာ နိုင်ငံအသင်းကို ရောက်ရှိဖို့လမ်းကြောင်းရှိတယ်ဆိုတာ သိစေဖို့ပါပဲ။ Eberechi Eze (အီဘာရက်ချီ အီဇီ) သို့မဟုတ် Reece James (ရီစ် ဂျိမ်း) လိုကစားသမားတွေအတွက်တော့ ဒါဟာ တကယ့်အခွင့်အလမ်းတွေနဲ့ မြင်သာတဲ့ယုံကြည်မှုကို ဆိုလိုပါတယ်။ Tuchel က သူတို့ကို Project တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုလို့ ခံစားရစေပါတယ်။ ပွဲတိုင်းစတင်ကစားခွင့်မရရင်တောင်ပေါ့။

အရေးအကြီးဆုံးကတော့ သူဟာအသင်းတွင်းက လေထုကို ပြန်လည်ပြင်ဆင်ပေးခဲ့တာပါပဲ။အင်္ဂလန်ရဲ့လေ့ကျင့်ရေးစခန်းဟာ အခုဆိုရင် လေ့ကျင့်ခန်းတွေနဲ့ နည်းဗျူဟာအစည်းအဝေးတွေအတွက်သာမက အသိုင်းအဝိုင်းနေရာတစ်ခုဖြစ်လာပါတယ်။ ကစားသမားတွေကို အတူတူအချိန်ဖြုန်းဖို့၊ အနားယူဖို့၊ ဂိမ်းတွေဆော့ဖို့၊ ချစ်ခင်ရင်းနှီးဖို့ အားပေးအားမြှောက်ပြုထားပါတယ်။ Tuchel က စည်းလုံးညီညွတ်တဲ့ အဝတ်လဲခန်းဟာ ပွဲစဉ်တွေကိုနိုင်စေတယ်၊ အထူးသဖြင့် နိုင်ငံအဆင့်ပြိုင်ပွဲတွေရဲ့ ဖိအားမြင့်မားတဲ့ ပတ်ဝန်းကျင်မှာပေါ့လို့ ယုံကြည်ပါတယ်။ ကစားကွင်းပေါ်မှာ တစ်ဦးနဲ့တစ်ဦး မှားယွင်းနေရင် ထုတ်ဖော်ပြောဆိုဖို့၊ အသင်းဖော်တွေဆီက ပိုမိုတောင်းဆိုဖို့ ကစားသမားတွေကို ပြောပါတယ်။ ဒါဟာ ဆိတ်ငြိမ်မှုကနေ တာဝန်ယူမှုနဲ့ ရိုးသားမှုကနေ အနိုင်ရတဲ့ Culture ဆီကို ပြောင်းလဲလိုက်တာပါပဲ။ကစားသမားရွေးချယ်ရေးမှာတော့ Tuchel ဟာ ရဲရင့်ပါတယ်။ ခြေစစ်ပွဲတစ်ခုမှာဆို Manchester United (မန်ချက်စတာ ယူနိုက်တက်)၊ Manchester City (မန်ချက်စတာ စီးတီး) အပြင် Liverpool (လီဗာပူး) က ကစားသမားတစ်ယောက်မှမပါတဲ့ အင်္ဂလန်အသင်းကို စတင်အသုံးပြုခဲ့ပါတယ်။ ဒါဟာ ၁၉၉၂ နောက်ပိုင်းမြင်တွေ့ဖူးခြင်းမရှိသေးပါဘူး။ဝေဖန်သူတွေက ဒါကို စွန့်စားမှုလို့မြင်ပေမယ့် Tuchel ကတော့ ဘယ်နေရာမှ အာမခံချက်မရှိဘူး၊ ဂုဏ်သတင်းထက် ပုံစံက အရေးကြီးတယ်ဆိုတဲ့ အထောက်အထားလို့ သရုပ်ဖော်ခဲ့ပါတယ်။ Ivan Toney (အိုင်ဗန် တိုနီ) လိုမျိုး နာမည်ကြီးတွေကို ချန်ထားခဲ့ဖို့ ဆန္ဒရှိတာ၊ Marcus Rashford (မာကုစ် ရပ်ရှ်ဖို့) ရဲ့ လတ်တလောပုံစံအပေါ် မေးခွန်းထုတ်တာတွေက သူဟာ ဂုဏ်သတင်းထက် စွမ်းဆောင်ရည်ကို တန်ဖိုးထားတယ်ဆိုတာ ပြသနေပါတယ်။ ဒါဟာ လူငယ်ကစားသမားတွေဆီကို ရောက်ရှိတဲ့ သတင်းစကားပါ။ မင်းကကြိုးစားပြီး စနစ်နဲ့ကိုက်ညီရင် အခွင့်အရေးရမယ်ဆိုတာပါပဲ။

ခုချိန်မှာတော့ မြေပြင်ပေါ်က ရလဒ်တွေကတော့ စတင်ပြသလာပါပြီ။ ဆားဘီးယားကို ၅-၀ အနိုင်ရခဲ့တဲ့ အင်္ဂလန်ရဲ့ လတ်တလောအနိုင်ရမှုဟာ Tuchel ခေတ်ရဲ့ ကြေညာချက်တစ်ခုလိုပါပဲ။ အသင်းဟာ ဂိုးတွေအလွတ်သွင်းနိုင်တာသာမက ပြိုင်ဘက်တွေကို လုံးဝအသက်ရှုကျပ်အောင်လုပ်ခဲ့ပြီး ကန်ခွင့်လုံးဝ မပေးခဲ့ပါဘူး။ Noni Madueke (နိုနီ မဒူအဲကေ)၊ Ezri Konsa (အဲဇရီ ကွန်ဆာ)၊ Marc Guéhi (မာ့ခ် ဂူအီဟီ) တို့ရဲ့ဂိုးတွေအပြင် Kane (ကိန်း) နဲ့ Rashford (ရပ်ရှ်ဖို့) တို့လည်း ဂိုးသွင်းခဲ့ကြပြီး ဒီအသင်းဟာ တစ်ဦးတည်းအသင်းမဟုတ်တော့ဘူးဆိုတာ ထင်ရှားစေခဲ့ပါတယ်။ Tuchel က ဒါကို “စစ်မှန်သော အသင်းတစ်သင်းရဲ့ အရည်ချင်း” လို့ခေါ်ဆိုခဲ့ပါတယ်။ ဒီပွဲစဉ်ဟာ ကြေညာချက်တစ်ခုပါပဲ။ ဒီအင်္ဂလန်အသင်းဟာ ကြယ်ပွင့်တစ်ဦးချင်းစီအတွက်သာမက အားလုံးနဲ့သက်ဆိုင်တယ်ဆိုတာပါပဲ။လအနည်းငယ်အတွင်းမှာပဲ Thomas Tuchel ဟာ အင်္ဂလန်ကို ကိုယ်ပိုင်လက္ခဏာတစ်ရပ် ပေးခဲ့ပါပြီ။ ဉာဏ်ရှိရှိနဲ့ ဖိအားပေးကစားခြင်း၊ အမြန်နှုန်းနဲ့ကစားခြင်း၊ set pieces တွေကို တန်ဖိုးထားခြင်း၊ စည်းလုံးညီညွတ်မှုနဲ့ တာဝန်ခံမှုရှိတဲ့ အသင်းတွင်း ယဉ်ကျေးမှုဖန်တီးခြင်းတို့ပါပဲ။ World Cup (ကမ္ဘာ့ဖလား) ဆီသွားတဲ့လမ်းဟာ စိန်ခေါ်မှုတွေရှိမှာပါ။ ဒါပေမယ့် ဒါဟာ ဖိအားတွေနဲ့ မျှော်လင့်ချက်တွေရဲ့ဝန်ချိန်အောက်မှာ နစ်မြုပ်နေတဲ့ အင်္ဂလန်အဟောင်းမဟုတ်တော့ပါဘူး။ ဒါဟာ နည်းဗျူဟာပိုင်းအရ ပိုထက်မြက်၊ ရုပ်ပိုင်းအရ ပိုအားကောင်း၊ စိတ်ပိုင်းအရ ပိုပြင်ဆင်ထားတဲ့ အင်္ဂလန်အသစ်ပါပဲ။ ဒီအသွင်ပြောင်းမှုက ဆုတံဆိပ်တွေဆီ ဦးတည်သွားမလားဆိုတာကတော့ မကြာခင်သိရမှာပါ။ ဒါပေမယ့် သေချာတာတစ်ခုကတော့ Tuchel ဟာ ခေတ်ဟောင်းအင်္ဂလန်တွေးခေါ်ပုံ၊ လေ့ကျင့်ပုံ၊ ကစားပုံတွေကို အပြောင်းအလဲလုပ်ပြီးပြီဆိုတာပါပဲ။ နိုင်ငံဘောလုံးမှာဆိုရင်တော့ ဒီလို Cultureဆိုင်ရာ ပြောင်းလဲမှုမျိုးဟာ တကယ့်အောင်မြင်မှုဆီကို ပထမဆုံးခြေလှမ်းဖြစ်တတ်ပါတယ်။