Innwa-Ads-Banner-1-1170X200

Manchester City 3-0Manchester United(FT)နည်းစနစ်ပိုင်းသုံးသပ်ချက်

စီးတီးနဲ့ ယူနိုက်တက် – အမြဲတမ်း လေးနက်မှုနဲ့ စိတ်လှုပ်ရှားဖွယ်ရာတွေ ပါဝင်လေ့ရှိတဲ့ ပွဲစဉ်တစ်ခုပါပဲ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာထက်ပိုတဲ့ အဓိပ္ပာယ်ရှိခဲ့တယ်။ Pep Guardiola ရဲ့ စီးတီးအသင်းဟာ ဒီရာသီအစောပိုင်းမှာ သူတို့ရဲ့ Rhythm အတွက် မေးခွန်းထုတ်စရာတွေရှိခဲ့ပြီး Rúben Amorim ရဲ့ ဦးဆောင်မှုအောက်က ယူနိုက်တက်ကတော့ ထိပ်တန်းနေရာကို စိန်ခေါ်နိုင်ဖို့ လုံလောက်တဲ့ လက္ခဏာရှာဖွေနေဆဲပါ။ ဒါပေမယ့် ပွဲစကနေ နောက်ဆုံးအချိန်အထိ ဒီပွဲဟာ စီးတီးရဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ အရေးသာမှုနဲ့ ယူနိုက်တက်ရဲ့ အားနည်းချက်တွေကို ပြသလိုက်တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး အပြာရောင် တပ်သားတွေရဲ့ သုံးဂိုးပြတ်အနိုင်နဲ့ပြီးဆုံးသွားခဲ့ပါတယ်။

ပွဲစကတည်းက မန်ချက်စတာစီးတီးက ဘောလုံးကို ထိန်းချုပ်ကစားခဲ့တယ်၊ သူတို့ အမြဲလုပ်နေကြသလိုပဲ။ဒါပေမယ့် ဒီမှာကွာခြားချက်က ပြင်းထန်မှုနဲ့ အမြန်နှုန်းပါပဲ။ ကွင်းလယ်ခံစစ်Rodri က အေးဆေးတည်ငြိမ်စွာနဲ့ ပွဲရဲ့အရှိန်ကိုထိန်းချုပ်ခဲ့တယ်။ သူ့ရဲ့ တိုတောင်းတဲ့ ပေးပို့မှု(Short Passing)တွေက ယူနိုက်တက် အလယ်တန်းကစားသမားတွေရဲ့ ပုံစံကို ပျက်စေခဲ့ပြီးစီးတီးရဲ့ တိုက်စစ်လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်ရခဲ့တယ်။ ယူနိုက်တက်ကတော့ တစ်ခါတစ်ရံ 4-4-2 ခံစစ်၊ တစ်ခါတစ်ရံ 5-4-1 ပုံစံနဲ့ စီးတီးတိုက်စစ်ကို ရင်ဆိုင်ခဲ့ပါတယ်။ ယူနိုက်တို့ရဲ့ ရည်ရွယ်ချက်က ရိုးရှင်းတယ် – ကွင်းလယ်ကို overload လုပ်ပြီး စီးတီးရဲ့ တိုက်စစ်လမ်းကြောင်းတွေကို ကန့်သတ်ဖို့ဖြစ်ပါတယ်။ ပွဲချိန်ခဏတော့ ဒီခံစစ်အနေအထားက မန်ယူနိုက်တက်အတွက် တည်ငြိမ်ခဲ့ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ကွင်းလယ်ပိုင်းက စီးတီးရဲ့ ကစားကွက်အောက်မှာ စိမ့်ဝင်ခဲ့ရပြီး ကွင်းလယ်ပိုင်း နည်းစနစ်ပြိုင်ဆိုင်မှု လုံးဝရှုံးနိမ့်ခဲ့ရပါတယ်။ ယူနိုက်တက်က စီးတီးရဲ့ တိုက်စစ် Rhythm ကိုနှောင့်ယှက်ဖို့ ရုတ်တရက်ဖိအားပေးတိုက်စစ်ဆင်တာမျိုးတွေလုပ်ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ စီးတီးကတော့ တည်ငြိမ်မှုကိုအသုံးချခဲ့ပြီး နေရာလွတမတွေဆီ ဘောလုံးတွေဖြန့်ဝေနိုင်ခဲ့ပါတယ်။ Jeremy Doku က ဘယ်ဘက်ခြမ်းမှာ အတော်လေး အလုပ်ဖြစ်ခဲ့ပြီး အသင်းဖော်တွေနဲ့ အတော်လေးအချိတ်ဆက်မိခဲ့ပါတယ်။ Dokuဆီကပဲ ဖန်တီးမှု၂ဂိုးရခဲ့ပြီး ယူနိုက်တက်ရဲ့ ခံစစ်ကစားသမားတွေ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ Phil Foden တစ်ယောက်လဲ ဒီပွဲမှာ အတော်လေးလှုပ်နိုင်ခဲ့ပြီး Haalandနောက် Shadow Striker ပုံစံမျိုးဆော့တာအတော်လေးသပ်ရပ်ခဲ့ပါတယ်။ ယူနိုက်တက်ရဲ့နောက်တန်းနဲ့ ကွင်းလယ်တန်းကြားက နေရာလွတ်တွေကို အတော်လေး မွှေနှောက်နိုင်ခဲ့တာပါ။

စီးတီးတို့ ဦးဆောင်ဂိုး စောစောစီးစီးရခဲ့တာမို့ ပွဲကိုအစကတည်းက ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရပြီးချ်ိန်မှာ ယူနိုက်တက်အတွက် ရုတ်တရက် အဆိုးဆုံးအခြေအနေရောက်သွားတယ်။ ခံစစ်တန်းကို နောက်ဆုတ်ပြီး ကစားမယ်ဆိုရင်စီးတီးရဲ့ဖိအားကို ခံရမှာပါ။ ရှေ့တင်မယ်ဆိုရင်လည်း Haaland နဲ့ Doku တို့ရဲ့ အမြန်နှုန်းက သေလောက်အောင်အန္တရာယ်ရှိပါတယ်။ Amorim အတော်လေးတွေဝေခဲ့ရမှာပါ၊ ဖိအားပေးချင်တာနဲ့ ခံစစ်အထိုင်ကြားမှာ ပိတ်မိခဲ့ပြီး ပထမပိုင်းတစ်ပိုင်းလုံ ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားမမြင်ခဲ့ရပါဘူး။ ပထမပိုင်းမှာစီးတီးက ပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ယူနိုက်တက်ရဲ့တိုက်စစ်ခြိမ်းခြောက်မှု အနည်းငယ်သာ လုပ်နိုင်ခဲ့ပါတယ်။ Pep Guardiola ရဲ့နည်းစနစ်က ဘောလုံးပိုင်ဆိုင်ဖို့အတွက်ပဲမဟုတ်ပဲ ယူနိုက်တက်ရဲ့ ခံစစ်တားဆီးမှုကို ဘယ်ညာရွေ့လျားနေစေတာ၊ ပင်ပန်းမှုနဲ့ မဆုံးဖြတ်နိုင်တဲ့အတွေးတွေပေါ်လာဖို့ စောင့်ဆိုင်းပြီး ဖြည်းဖြည်းချင်း ဝါးမြိုနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း စတင်ချိန်မှာတော့ စီးတီး က တိုက်စစ်အရှိန်မြင့်ခဲ့တယ်။ ဒုတိယပိုင်း၁၀ မိနစ်အတွင်း ပွဲဟာ Kill The Game ဖြစ်သွားခဲ့တယ်။ ဒုတိယဂ်ိုးထပ်မံရရှိခဲ့တယ်။ ပထမအချိန်ပိုင်းမှာတိတ်ဆိတ်နေခဲ့တဲ့ နော်ဝေသား တစ်ယောက် သူ့အတွက်တော့ ဂိုးရှာဖွေနိုင်ခဲ့ပါတယ်။ တတိယဂိုးလဲ Haalandပဲ ရယူနိုင်ခဲ့ပြီး 3-0နဲ ယူနိုက်တက်ကိုခြေမှုန်းနိုင်ခဲ့ပါတယ်။

ဒါဘီပွဲမှာ ပထမဆုံးအကြိမ်ကစားခဲ့ရတဲ့ စီးတီး ဂိုးသမားသစ် Gianluigi Donnarumma အတွက်တော့ အလုပ်လုပ်ရတာများတဲ့နေ့မဟုတ်ခဲ့ပေမယ့် သူ့ရဲ့အေးဆေးတည်ငြိမ်မှုကလည်း ချီးကျူးရမှာဖြစ်ပါတယ်။ဒီဒါဘီပွဲကြောင့် နှစ်သင်းကြားက ရင့်ကျက်မှုကွာခြားချက်ကို ထင်ရှားစေခဲ့တယ်။ စီးတီးက မေးခွန်းထုတ်စရာတွေရှိတဲ့ ရာသီမှာတောင် Guardiola ရဲ့ဒဿနအောက်မှာ နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ အသင်းတစ်သင်းရဲ့ လက္ခဏာကို ဆက်လက်ပိုင်ဆိုင်ထားနိုင်ဆဲပါပဲ။ Amorim ရဲ့ ဦးဆောင်မှုအောက်က ယူနိုက်တက်ကတော့ ဆက်လက်သင်ယူနေဆဲဖြစ်ပြီးလိုအပ်ချက်တွေရှိနေဆဲဆိုတာ ဒီပွဲ ကသက်သေပါပဲ။