Innwa-Ads-Banner-1-1170X200

အီဆက်ခ်-နယူးကာဆယ်-လီပါပူး ၃ပွင့်ဆိုင်ဇာတ်လမ်းကို ခံစားကြည့်ခြင်း

အီဆက်ခ်က Social Media မှာ အသင်းဘက်က ကတိမတည်ကြောင်း Statement ထုတ်ပြီးတဲ့နောက် နယူးကာဆယ်အသင်းဘက်ကလည်း အီဆက်ခ်နဲ့ ပတ်သက်ပြီး Statement တစ်စောင်ထုတ်ပြီး Social Media မှာ တင်လာခဲ့ပြန်ပါတယ်။ အကျဉ်းချုပ်ဆိုရရင် အီဆက်က လီပါပူးကိုပြောင်းရွှေ့ခွင့်ရဖို့ အကွက်တစ်ကွက်ပေါ်တင်ရွှေ့တယ်၊ သူ့ရဲ့မိခင်အသင်း နယူးကာဆယ်ကလည်း အသင်းဘက်က ကြိုဆိုနေသေးကြောင်း မေတ္တာကြီးမားပုံပြသပြီး မရောင်းချလိုတဲ့ဆန္ဒကိုဖော်ကျူးတယ်။ ဒီတော့ ဒီအကွက်မှာ နယူးကာဆယ်ဘက်ကသာ လီပါပူးဆီ အီဆက်ကို ရောင်းချလိုက်မယ်ဆိုရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်မလဲဆိုတာ ကျနော်တို့တွက်ချက်ကြည့်ရအောင်

ပထမအချက်အနေနဲ့ အီဆက်ခ်ကိုသာ နယူးကာဆယ်တို့ ရောင်းချလိုက်မယ်ဆိုရင် တိုက်စစ်မှူးနှစ်ယောက်အထိ ဒီနွေရာသီမှာ ဆုံးရှုံးလိုက်ရတာ ဖြစ်သွားမှာပါ။ အဲ့ဒါဆိုရင် နယူးကာဆယ်အသင်းအတွက် တိုက်စစ်အထောင်နေရာမှာ ကစားနိုင်တာက အိုဆူလာပဲရှိတော့မှာဖြစ်ပြီး သူ့ရဲ့ရင့်ကျက်မှုနဲ့ ခြေစွမ်းက တိုးတက်ဆဲအနေအထားမှာပဲ ရှိနေသေးပြီး အပြည့်အဝ ယုံကြည်အားကိုးလို့ ရတဲ့အနေအထားမဟုတ်သေးပါဘူး။ ဂေါ်ဒွန်ကိုတိုက်စစ်အထောင်မှာ ထားဆော့နိုင်ပေမယ့် နယူးတို့ တစ်ယောက်လျှော့ ဗီလာကိုတောင် ဂိုးမသွင်းနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ တိုက်စစ်အားနည်းနေမှုက အထင်းသားပါ။

တစ်ဖက်ကကြည့်ရင် လီပါပူးအသင်းကလည်း တိုက်စစ်ပိုင်းအားနည်းနေသေးတာမို့ မဖြစ်မနေ အင်အားဖြည့်တင်းမှုတွေလုပ်ရဦးမှာဆိုတော့ အီဆက်ခ်ကလည်းထွက်ချင်နေတဲ့နဲ့ နယူးကာဆယ်ဆီကို သန်း ၁၂၀ ထပ်မနည်းတဲ့ ကမ်းလှမ်းမှုတွေ ထပ်ရောက်လာနိုင်ဖွယ်ရှိနေပါတယ်။ ပေါင်၆၃ သန်းနဲ့ ဝယ်ခဲ့တာရဲ့ ၂ ဆကျော်အထိ ပြန်ရနိုင်တဲ့ အလားအလာမျိုးဖြစ်တဲ့အပြင် အသင်းမှာရှိနေတုန်းမှာလည်း သွင်းဂိုးများစွာနဲ့ အသင်းအတွက်အကျိုးပြုခဲ့တဲ့ အချက်ကိုလည်း နယူးကာဆယ်ဘက်ကထည့်တွက်သင့်ပါတယ်။ သန်း ၇၀-၈၀ တန်လောက် အသင့်သုံးတိုက်စစ်မှူးကောင်းတစ်ယောက်ကို ထပ်ခေါ်ပြီး တခြားနေရာတွေ လူထပ်ဖြည့်ထားတာတွေအတွက်ပါ Cover ဖြစ်သွားနိုင်တဲ့ အနေအထားမျိုးပါ။ နယူးကာဆယ်တို့တောက်လျှောက်လိုက်ခဲ့တဲ့ ရှက်စကိုကို မရတော့ပေမယ့် စျေးကွက်ထဲမှာ အိုလီဝက်ကင်းစ်နဲ့ နီကိုလက်စ်ဂျက်ဆန်တို့လို ပရီးမီးယားလိဂ်နဲ့ အသားကျပြီးသား တိုက်စစ်မှူးတွေကျန်နေပါသေးတယ်။

လီပါပူးကိုသာ အီဆက်ခ်ရောက်သွားခဲ့မယ်ဆိုရင် ကမ္ဘ့ာအဆင့်တိုက်စစ်မှူးတစ်ဦးကို Squad ထဲပေါင်းထည့်ပြီးသားဖြစ်သွားသလို နောက်ထပ် ၅နှစ်ကနေ ၁၀ နှစ်အတွင်း တိုက်စစ်မြားဦးနေရာအတွက် လှည့်ကြည့်စရာမလိုတဲ့ အနေအထားမျိုးဖြစ်သွားနိုင်ပြီး လီပါပူးအတွက်တော့ တကယ့်ကိုတန်တဲ့ ရင်းနှီးမြုပ်နှံမှုကောင်းတစ်ခုဖြစ်တာမို့ ဘာတွေဘယ်လိုဆက်ဖြစ်လာမလဲ စောင့်ကြည့်ချင်စရာကောင်းနေပါတယ်